Pages

Sunday, June 22, 2014

ဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးက အနားပေး၍ ဧရာဝတီတိုင်း ပြည်သူများ ဆန္ဒပြမည်

RangonNewsDaily:: June . 22 .2014
သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးမှ အနားပေးလိုက်ခြင်းကြောင့် ဧရာတီတိုင်းအတွင်းရှိ ပြည်သူများက ဇွန်လ နောက်ဆုံးပတ်တွင် တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။
“ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တုန်း ပြည်သူတွေ အခက်အခဲတွေကို ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့တယ်၊ သာသနာရေး ဝန်ကြီးဖြစ်တော့လည်း တိုင်းက ပြည်သူတွေ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့သူပါ၊

ဧရာဝတီတိုင်းသား တစ်ယောက်လည်းဖြစ်တယ်၊ နိုင်ငံပိုင်ငွေတွေကို အလွဲသုံးစားအများကြီး လုပ်နေတဲ့သူတွေ ရှိနေတာကို ပြည်သူတွေအတွက် လုပ်ဆောင်ပေးသူကို အခုလိုလုပ်တာ တရားမျှတမှု မရှိဘူး၊ လူအခွင့်အရေး ချိုးဖောက်ခံရတာပဲ”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ဇွန်လ နောက်ဆုံးပတ်၌ ပုသိမ်မြို့တွင် ပြည်သူအင်းအား ၅ဝဝခန့်က ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး ဟစ်တိုင်တွင် ဦးထွန်းထွန်းဦးက ပြောဆိုမည်ဖြစ်သည်။ ပုသိမ်မြို့ ထဲတွင်လည်း လှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။

“သမ္မတ အမိန့်ကို မလိုက်နာလို့လုပ်တာဆိုတာမျိုး အငြိုးထားလုပ်တာဖြစ်နေတယ်၊ ပြည်သူအတွက် အလုပ်လုပ်ပေးနေသူ ဝန်ကြီးဖြစ်တယ်။ ငွေ ၇၂ သိန်းဆိုတာလည်း ညှိနှိုင်းဆောင်ရွက်သင့်တယ်။ 


အခုအနေအထားမျိုး မဖြစ်သင့်ဘူး။ ဝန်ကြီး တစ်ယောက်ရဲ့သိက္ခာကို ပြန်ကြည့်သင့်တယ်၊ နေရာတိုင်းမှာ အဂတိလိုက်စားမှုတွေရှိနေတာ ကျန်တာတွေ ဘာမှမဖြစ်ခဲ့ဘဲ ဦးဆန်းဆင့်မှ ဖြစ်တာဆိုတာတော့”ဟု ပုသိမ်မြို့
လူအခွင့်အရေးကာကွယ်စောင့်ကြည့်မြှင့်တင်ရေးကွန်ယက်က ဦးမြင့်နိုင်က ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ဝန်ကြီးဦးဆန်းဆင့်အား ယခုကဲ့သို့ အရေးယူခြင်းသည် သမ္မတ ခိုင်းသည်ကို မလုပ်ခြင်း၊ အချို့ကိစ္စများတွင် သမ္မတအား ဘောင်ကျော်လုပ်ခြင်း
တို့ကြောင့် ဖြစ်သည်ဟု ပြောဆိုထားသည်။


သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ရက် နေ့လည်က အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က
တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရမည်းသင်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည်။


ဦးဆန်းဆင့်အား အမှုဖွင့်ထားသည့် ပုဒ်မ ၄ဝ၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေး
တွေ့ရှိရပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁ဝနှစ်မှ တစ်သက် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

၎င်းအား ဇွန်လ ၁၉ရက် ည၌ပင် တာဝန်မှ ရပ်နားကြောင်း သမ္မတလက်မှတ်ဖြင့် အမိန့်ကြေငြာချက် ထွက်ရှိခဲ့ပြီး ၂ဝရက်တွင် သာသနာရေးဒုဝန်ကြီး ဦးစိုးဝင်းအား ဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတ ပြည်ထော်စု
လွှတ်တော်သို့ အကြောင်းကြားစာ ပို့ခဲ့သည်။


ဦးဆန်းဆင့်အား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရာထူးမှ သာသနာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့ နယ်မှ ပြည်သူ ၁ဝဝဝခန့်က မပြောင်းရွေ့ရန်
ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment