Pages

Sunday, June 22, 2014

ကော်စတာရီကာနဲ့ပွဲက အီတလီ ရရှိလိုက်တဲ့ သင်ခန်းစာ(၃)ရပ်


RangonNewsDaily:: June . 22 .2014
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မစခင်တုန်းကတော့ အုပ်စု(D)ဟာ မရဏအုပ်စုအဖြစ် လူတိုင်းလိုလိုက အသိအမှတ် ပြုခဲ့ကြပါတယ်။ အီတလီ၊ အင်္ဂလန်နဲ့ ဥရုဂွေးတို့က ရှုံးထွက်အဆင့် တက်ရောက်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီး ကော်စတာရီကာကတော့ အိမ်ဖြည့်အသင်းလို့ အားလုံးလိုလို တညီတညွတ်တည်း တွက်ဆထားခဲ့ကြတယ်။
ဇွန်လ (၂၀)ရက်နေ့ ညမှာတော့ ကော်စတာရီကာက အီတလီကို (၁-၀)နဲ့ နိုင်ပါတယ်။ ခုဆိုရင် ကော်စတာရီကာက အုပ်စုကနေ အစောဆုံး လွတ်ကျွတ်သွားပြီး အင်္ဂလန်ကတော့ အိမ်ပြန်စောဖို့ သေချာသွားပါတယ်။ ဥရုဂွေးနဲ့ အီတလီတို့ကတော့ လက်ကျန် တစ်နေရာစာအတွက် ပဝါမကူ၊ ရေမရှူကြေး ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

အီတလီက ကော်စတာရီကာကို ရှုံးနိမ့်သွားတာဟာ ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးအတွက် အံ့ဩစရာ ရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ တချို့သော ဘောလုံးသုတေသီတွေကဆိုရင် ဒီပွဲမှာ အီတလီ (၄-၀)လောက်နဲ့ နိုင်မယ်လို့တောင် ခန့်မှန်းထားခဲ့ကြတာပါ။ ပထမပိုင်းမှာ ကော်စတာရီကာ ဦးဆောင်နေတာတောင် အီတလီက ဒုတိယပိုင်း (၄)ဂိုးသွင်းပြီး (၄-၁) ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့သူတွေလည်း မရှားပါဘူး။

ဒါပေမဲ့ အဆုံးသတ်မှာတော့ အီတလီ ရှုံးခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ (၄)ကြိမ်ဖြစ်ဖူးတဲ့ အသင်းကြီးဟာ အလယ်ပိုင်း အမေရိက ဒေသရဲ့ မထင်မရှား အသင်းငယ်လေးကို အရေးနိမ့်ပြီး အုပ်စုကို စိတ်ကြိုက်ခြယ်လှယ်နိုင်တဲ့ အနေအထားကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဘောလုံးသတင်းဝက်ဘ်ဆိုက် Goal.comက ကော်စတာရီကာနဲ့ပွဲမှာ အီတလီ ယူခဲ့ရမယ့် သင်ခန်းစာ (၃)ခုကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

အောက်အသင်းတွေကို အထင်မသေးပါနဲ့
ကမ္ဘာ့ဖလားမှာ ဖျက်မြင်းလို့ ခေါ်ဝေါ်လေ့ရှိတဲ့ အောက်အသင်းလေးတွေ (၅)သင်း၊ (၆)သင်းလောက် ပါဝင်လာလေ့ ရှိပါတယ်။ ကော်စတာရီကာဟာ အဲဒီထဲက တစ်သင်းပါ။

ကော်စတာရီကာဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ အမှန်ပါပဲ။ ဒါပေမဲ့ သူတို့ဟာ (၁၆)သင်း ရှုံးထွက်အဆင့်နဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပါပြီ။ ကမ္ဘာ့ချန်ပီယံဟောင်း (၃)သင်းပါဝင်တဲ့ အုပ်စုမှာ ဥရုဂွေးနဲ့ အီတလီတို့ကို အနိုင်ရခဲ့ပြီး ကော်စတာရီကာတို့ နောက်တစ်ဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။

ကော်စတာရီကာ ရသွားတဲ့ ဂိုးက ပင်နယ်တီ ရသင့်ကြောင်း တောင်းဆိုနေရာကနေ လျင်လျင်မြန်မြန် ထိုးဖောက်ပြီး သွင်းယူသွားတာပါ။ မြန်ဆန်လွန်းတဲ့အတွက် TVပေါ်ကနေ ဘောလုံးပွဲ အားပေးနေတဲ့ ပရိသတ်တွေတောင် တိုက်ရိုက် မမြင်လိုက်ရဘဲ အဲဒီဂိုးသွင်းတဲ့ အချိန်မှာ ပင်နယ်တီ တောင်းဆိုစေတဲ့ ဖြစ်ရပ်ကို အနှေးပြန်ကြည့်နေချိန် ဖြစ်ပါတယ်။

ဘရိုင်ယန်ရုဇ် သွင်းသွားတဲ့ဂိုးဟာ ကံကောင်းလို့ ရခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကော်စတာရီကာလို အသင်းငယ်လေးက အီတလီလို ဧရာမ အသင်းကြီးကို အံတုဖို့ဆိုရင် ကံကြမ္မာက ပေးလာတဲ့ အခွင့်အရေးတိုင်းကို လက်လွတ်မခံဖို့ လိုပါတယ်။

ပြီးတော့ အသင်းငယ်လေး ကော်စတာရီကာဟာ ထိပ်တန်းအဆင့် ကြယ်ပွင့်တွေ ပါဝင်တဲ့ အီတလီ ကွင်းလယ်ကို အကောင်းဆုံး တုံ့ပြန် ယှဉ်ပြိုင်သွားပါတယ်။ အထူးသဖြင့် ပွဲချိန်မိနစ်(၆၀) နောက်ပိုင်းမှာ အီတလီ အရှိန်တင်ကစားလာတာကို ပါးပါးနပ်နပ် ဖြတ်တောက်သွားနိုင်ခဲ့ပါတယ်။

ကော်စတာရီကာရဲ့ နောက်တန်းတွေကလည်း ခံစစ်အားပြု ကစားတဲ့ အသင်းတွေကို အီတလီ ထိုးဖောက်ဖို့ ခက်နေသေးတယ်ဆိုတာ သင်ခန်းစာ ပေးသွားတာပါပဲ။ အီတလီလို အသင်းမျိုးကို (၁)ဂိုးအသာရလိုက်ပြီ ဆိုတာနဲ့ တိုက်စစ်ထပ်ဆင်ဖို့ထက် ဦးဆောင်ဂိုးကို ကာကွယ်ဖို့က ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မှုဆိုတာ ကော်စတာရီကာ သိနေခဲ့ပါတယ်။

အစဉ်အလာဆိုတာ ပယ်ဖျက်ရခက်တယ်
(၁၉၉၈)ခုနှစ် ကတည်းက အီတလီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ ကစားတိုင်း အုပ်စုအဆင့် ဒုတိယပွဲကို ဘယ်တော့မှ မနိုင်တော့ပါဘူး။ (၂၀၀၆)ခုနှစ်က ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာတောင် အုပ်စုဒုတိယပွဲမှာတော့ အနိုင်(၃)မှတ် ရှာမတွေ့ခဲ့ဘူး။

အဲဒီအတောအတွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး (၄)ရပ်မှာ အီတလီရဲ့ အုပ်စုဒုတိယပွဲစဉ်တွေက (၂)ပွဲသရေ၊ (၂)ပွဲရှုံး ဖြတ်သန်းခဲ့ပါတယ်။ ခုလည်းပဲ အုပ်စုရဲ့ ဒုတိယမြောက် ပွဲစဉ်ဆိုရင် ရလဒ်မကောင်းတတ်တဲ့ အစဉ်အလာက အီတလီအတွက် သက်ဆိုးရှည်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စိတ်ဝင်စားစရာ အစဉ်အလာလေး တစ်ခု ရှိနေပြန်ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ဖလားမှာ (၄)ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးတဲ့နောက် ကော်စတာရီကာ အသင်းဟာ ဥရောပတိုက်က ပြိုင်ဘက်တိုင်းကို ဂိုးသွင်းထားတယ်ဆိုတဲ့ မှတ်တမ်းလေးပါပဲ။ ခုလည်းပဲ အီတလီကို အနိုင်ရခဲ့တဲ့နောက် ကမ္ဘာ့ဖလားမှာ ဥရောပအသင်းတိုင်းကို (၁၀၀)ရာခိုင်နှုန်း ဂိုးပေါက် ရှာတွေ့နိုင်တယ်ဆိုတဲ့ စံချိန်က ကော်စတာရီကာအတွက် ဆက်တည်မြဲနေပါပြီ။

ကော်စတာရီကာဟာ အီတလီကို အနိုင်ရတဲ့ ပွဲစဉ်အပါအဝင် ဥရောပ အသင်းတွေနဲ့ (၇)ပွဲ ရင်ဆိုင်ကစားပြီး ပွဲတိုင်း ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

နည်းဗျူဟာပိုင်း ရေလိုက်ငါးလိုက် ရှိဖို့လိုတယ်
နည်းဗျူဟာ တစ်ခုခုကို အသေဆုပ်ကိုင်ထားလို့ ဒုက္ခများရတာမျိုးက ဒီနှစ်ကမ္ဘာ့ဖလားမှာ အသင်းကြီးတွေအတွက် အထင်ရှားဆုံး သင်ခန်းစာတစ်ခု ဖြစ်ခဲ့ပါတယ်။ ခုတော့ အီတလီလည်း အင်္ဂလန်၊ စပိန်တို့လိုပဲ အပြောင်းအလဲ မလုပ်တတ်ခြင်းကြောင့် ကြုံရတဲ့ ဆိုးကျိုးကို မျက်ဝါးထင်ထင် မြင်ခဲ့ရပါပြီ။

အင်္ဂလန်ဟာ ကွင်းလယ်ကစားကွက်ကို အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ဆီကပဲ အစပြုလေ့ရှိတဲ့ ပုံစံကို လုံးဝ အပြောင်းအလဲ မလုပ်ခဲ့ဘူး။ စပိန်ကျတော့ သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်ဟာ အလုပ်မဖြစ်မှန်း သိသိကြီးနဲ့ စွန့်ပယ်ဖို့ ခေါင်းမာငြင်းဆန်ခဲ့တယ်။ ခုတော့ အဲဒီနှစ်သင်းလုံး ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်က စောစောစီးစီး ပြုတ်သွားပါပြီ။

အီတလီက အင်္ဂလန်နဲ့ ဆင်တူတဲ့ အားနည်းချက် ရှိပါတယ်။ အဲဒါကတော့ ကွင်းလယ်ကစားကွက်ကို ပီယာလိုဆီကပဲ နက်နက်ရှိုင်းရှိုင်း အစပြုလေ့ရှိပြီး ဒီစနစ်ကို တစ်ယူသန် လက်ကိုင်ပြုထားတာပါပဲ။

အဲဒီအချိန်မှာ ကော်စတာရီကာက (၅-၄-၁) ပုံစံကို ပြောင်းလဲကျင့်သုံးပြီး အီတလီကို ရင်ဆိုင်သွားတယ်။ ဂီယန်ကာလို ဂွန်ဇာလက်ဇ်ဟာ တတိယမြောက် ဗဟိုခံစစ်မှူး အနေနဲ့ရော၊ ကွင်းလယ်အဖျက် ကစားသမား အဖြစ်ပါ ရွေ့လျား နေရာယူသွားပြီး အဲဒီနည်းဗျူဟာက အီတလီရဲ့ ဘောလုံးလမ်းကြောင်း အခင်းအကျင်းတွေကို ဆွံ့အသွားစေပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားမှာ အလယ်အလတ် အသင်းလို့ ဆိုရမယ့် ချီလီ၊ ကိုလံဘီယာ၊ ကော်စတာရီကာတို့ဟာ နည်းစနစ်ပိုင်းမှာ ပေါ်တူဂီ၊ ဘရာဇီး၊ ဥရုဂွေး၊ အင်္ဂလန်တို့လို ထိပ်သီးတွေထက် ပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ် ရှိခဲ့ပြီး နည်းပြတွေကလည်း ပွဲတစ်ပွဲချင်း လူရွေးချယ်ပုံကအစ ဂရုတစိုက် ပြင်ဆင်လာတာက စိတ်ဝင်စားစရာ အခြေအနေ တစ်ခုပါပဲ။

ခုတော့ အီတလီဟာ အုပ်စုတက်ရေး အဆုံးအဖြတ် ခံယူဖို့ ဥရုဂွေးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရပါတော့မယ်။ ထည့်တွက်သင့်တဲ့ အချက်တစ်ခုက ဥရောပ အသင်းပီပီ တောင်အမေရိ ဒေသရဲ့ ရာသီဥတုကို အီတလီအနေနဲ့ ဥရုဂွေးလောက် အသားမကျနိုင်ဘူး ဆိုတာပါပဲ။

အနည်းဆုံး အုပ်စုဒုတိယ နေရာကနေ နောက်တစ်ဆင့် တက်နိုင်ဖို့ဆိုရင် အီတလီဟာ ဥရုဂွေးကို သရေကျအောင် မဖြစ်မနေ ကစားရပါလိမ့်မယ်။ ဒါပေမဲ့ လူးဝစ်ဆွာရက်ဇ်ရဲ့ တက်ကြွနိုးကြားမှုတွေနဲ့ ဖောင်ဖျက် ရင်ဆိုင်လာမယ့် ဥရုဂွေးကို ရင်ဆိုင်ဖို့ဆိုရင် ကော်စတာရီကာနဲ့ပွဲက အားနည်းချက်တွေကို အီတလီနည်းပြ ဆီဇာရီ ပရင်ဒယ်လီ သင်ခန်းစာ ယူနိုင်ဖို့ လိုပါလိမ့်မယ်။

Ref; Goal , 7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment