Pages

Sunday, June 22, 2014

သက်သာပန်းတောင်း ရွှေရင်အေးစေတီတော် အ၀င်လမ်းပိတ်ပြီး ခြံစည်းရိုးခတ်ထားမှု ဒေသခံများ ဖယ်ရှား

ခြံစည်းရိုးအားဖယ်ရှားပြီးနောက် တွေ့ရစဉ်(ဓာတ်ပုံ - တင့်ဇော်)
RangonNewsDaily:: June . 22 .2014
လှိုင်သာယာမြို့နယ်ရှိ သမိုင်းဝင် သက်သာပန်းတောင်း ရွှေရင်အေး စေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ဦး မြေကွက်ပေါ်တွင် ပိုင်ရှင်ဖြစ်သူက ခြံစည်းရိုးခတ်ရာမှ ဘုရားသို့ သွားရာလမ်း ပိတ်သကဲ့သို့ဖြစ်၍ ဒေသခံရွာသား ၆၀၀ ကျော်တို့က ခြံစည်းရိုးများကို ပယ်ဖျက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၁ ရက် နေ့လယ် ၁၂ နာရီတွင် ကျုံစု၊ ကံလှကျေးရွာနှင့် ရပ်ကွက်ခုနစ်ခုရှိ ဒေသခံများက ခြံစည်းရိုးများကို ၀င်ရောက်ဖျက်ခဲ့ပြီး ၁၂ နာရီ ၄၅ မိနစ်တွင် လူစုခွဲသဖြင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့နယ်မှူး ရဲမှူးဦးသန်းမြင့်ဦးက အတည်ပြုပြောကြားသည်။

‘‘လမ်းတွေ ဖောက်ပြီး ခြံစည်းရိုးခတ်လိုက်တော့ ဘုရားသွားရာလမ်းကို ပိတ်သလိုဖြစ်သွားတယ်။ ရပ်ကွက်က လူတွေက ဖွင့်ပေးဖို့ သွားပြောတော့ ၉ နာရီမှာ လမ်းဖွင့်ပေးမယ်ပြောပြီး မဖွင့်ပေးဘူး။ ပြီးတော့ တာဝန်ရှိသူတွေကို အကြောင်းကြားတာလည်း ရောက်မလာတာနဲ့ ၁၂ နာရီလောက်မှာ ၀င်ပြီး ခြံစည်းရိုးတွေကို ပယ်ဖျက်တာပါ’’ ဟု ဒေသခံ ကိုကျော်မျိုးက ပြောသည်။

ယင်းမြေကွက်ပေါ်တွင် ဇွန်လ ၁၉ ရက်မှစ၍ လူဦးရေ သုံးဆယ်ဝန်းကျင်က အပြာရောင်များနှင့် ခြံစည်းရိုးခတ်နေခြင်းဖြစ်ပြီး ပိုင်ရှင်ကို ၎င်းတို့အနေဖြင့် တိတိကျကျ မသိရှိကြောင်း၊ နောက်ဆုံး စေတီအနောက်ပေါက်ကို လမ်းပိတ်လိုက်သဖြင့် ၀င်ရောက် ပယ်ဖျက်ရခြင်းဖြစ်ကြောင်း ဒေသခံ ကိုဝင်းသိန်းက ပြောသည်။

‘‘ဘုရားမြေလား၊ ဘယ်သူပိုင်လဲဆိုတာတော့ မသိဘူး။ ဘုရားကိုသွားတဲ့လမ်းက ပိတ်သလိုဖြစ်လို့ ၀င်ဖျက်တာပါ။ ဘုရားမြေလည်းဖြစ်တဲ့အတွက် ပြည်သူလူထုက လက်မခံနိုင်ဘူး။ စဖြစ်တုန်းက လူနည်းနည်းလေးပါ။ ပြီးတော့ တဖြည်းဖြည်းနဲ့ ရပ်ကွက်ပေါင်းစုံထဲက လူတွေရောက်လာပြီး များလာတာ’’ ဟု ကိုဝင်းသိန်းကပြောသည်။

အဆိုပါဖြစ်ပွားရာ မြေကွက်သည် မြို့တော်စည်ပင်မှ တရားဝင်အကွက်ချထားသော မြေကွက်ဖြစ်ပြီး ယင်းဖြစ်ပွားသော ပြဿနာအတွက် ပြန်လည်စစ်ဆေးပေးရန် အထက်ဌာနသို့ တင်ပြသွားမည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောသည်။

လက်ရှိတွင် ပြဿနာထပ်မံမဖြစ်ပွားစေရန်အတွက် လုံခြုံရေးများ ထားရှိပြီး ပိုင်ရှင်ထံမှ တိုင်ကြားမှုရှိလာပါက အမှုဖွင့် အရေးယူရန် စီစဉ်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲမှူး ဦးသန်းမြင့်ဦးက ပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment