Pages

Wednesday, July 4, 2012

လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို မခံချင်ဘူး၊ နာမည်ကြီးမဖြစ်ချင်ဘူးလို့ဆိုတဲ့ ခရစ္စတင်းစတီးဝပ်


The Twilight Saga  မှာ ဘယ်လာစွမ်းအဖြစ် သရုပ်ဆောင်ရာက လူသိများလာတဲ့ ခရစ္စတင်းစတီးဝပ်ကို အမေရိကန်ပြည်ထောင်စု လော့စ်အင်ဂျလိစ်မြို့မှာ ၁၉၉၀ ဧပြီ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး  ဖခင်က ဇာတ်စင်မန်နေဂျာနဲ့ ရုပ်မြင်သံကြား ထုတ်လုပ်သူဖြစ်ပြီး Fox ရုပ်သံအတွက် အလုပ်လုပ်သူပါ။


 မိခင်ဖြစ်သူက သြစတြေးလျသူဖြစ်ပြီး ဇာတ်ညွှန်းရေးသူ ဖြစ်ပါတယ်။ မိဘတွေက ကင်မရာနဲ့ မကင်းသူတွေ ဖြစ်တာကြောင့် သူလည်း ဇာတ်ညွှန်းရေးသူ ဒါမှမဟုတ် ဒါရိုက်တာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိ ခဲ့ပေမယ့် သရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။ “လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို မခံချင်ဘူး။ ကျွန်မက နာမည်ကြီးသူတစ်ယောက် မဖြစ်ချင်ဘူး။ သရုပ်ဆောင်သူရဲ့ သားသမီးပဲ ဖြစ်ချင်တာ။ သရုပ်ဆောင်ဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး” ။

ဒါပေမဲ့ ကံကြမ္မာကြောင့်လို့ ဆိုရမလား။ သူရှစ်နှစ်သမီးအရွယ် ကျောင်းက ခရစ္စမတ်ပြဇာတ်မှာ ပါဝင်ခဲ့ရာမှာ အေးဂျင့်ရဲ့ မျက်နှာသစ် အနုပညာရှင် ရှာဖွေသူက တွေ့သွားရာကနေ ရုပ်မြင်သံကြားတွေမှာ မထင်မရှား ပါဝင်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ မင်းသမီး ဂျိုဒီဖော်စတာနဲ့တွဲပြီး Panic Room မှာ ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။


မင်းသမီးဂျိုဒီဖော်စတာနဲ့အတူ သရုပ်ဆောင်ခွင့်ရတဲ့ အကြောင်းကိုတော့.... “အဲဒီကားကို ရိုက်ခွင့်ရတော့ ဘုရားရေ သိပ်ကိုကြီးမားပါလား၊ ကြီးမားတာထက် ပိုကြီးမားပါလားလို့ စိတ်ထဲမှာ ဖြစ်မိတယ်။ ပထမဆုံး ကြားသိရတာနဲ့ စိတ်တွေအရမ်းကို လှုပ်ရှားသွားမိတယ်”။ ပညာရေးမှာ 7th Grade နဲ့ ကျောင်းထွက်ပြီးနောက်ပိုင်းမှာ ဆရာနဲ့ အိမ်မှာပဲ သင်ကြားခဲ့တာကြောင့် အထက်တန်းကျောင်း အောင်ခဲ့ပါတယ်။

ကောလိပ်ကျောင်း ဆက်တက်မလား၊ သရုပ်ဆောင် လုပ်မလားဆိုတဲ့ အမေးကို..... “ခုချိန်မှာ ကျွန်မ ကြိုတွေးထားတာတော့ မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ အရမ်းကို စဉ်းစားခဲ့ပါတယ်။ လူတွေက ကျွန်မ သရုပ်ဆောင်တဲ့အခါ ပျော်ရွှင်မှုအနေနဲ့ ဘာလုပ်မလဲလို့ မေးကြတယ်။ သရုပ်ဆောင်အလုပ်က ထူးဆန်းပါတယ်။


 ပျော်စရာကောင်းတဲ့ အလုပ်ပါ။ သရုပ်ဆောင်တာ ကျွန်မရဲ့လုပ်ငန်း၊ ကျွန်မရဲ့ အလုပ်ပါ”။ ပါပါရာဇီတွေအကြောင်းကို ပြောပြရာမှာ..... “တစ်ယောက်ယောက်က ကိုယ့်ကိုတွေ့သွားပြီဆိုရင် ကိုယ်ဘယ်ပဲရောက်နေနေ အဲဒီနေရာမှာ အမြန်ဆုံးထွက်သွားဖို့ပဲ။ လူတွေ စိတ်လှုပ်ရှားကြတယ်။ ဓာတ်ပုံဆရာတွေက အတော်ဆိုးတယ်။ လူဆိုးတွေပဲ။ ဒါကြောင့် သူတို့အနားကို ကျွန်မ ကားမောင်းမသွားရဲဘူး”။ 


သူနဲ့  Twi-light မင်းသား ရောဘတ်ပက်တန်ဆင်တို့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး..... “လူတွေက အမြဲမေးကြတယ်။ ကျွန်မနဲ့ ရောဘတ် တွဲနေကြသလားတဲ့။ ဒါက စိတ်ဆိုးစရာကောင်းတယ်။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စက ဘာကြောင့် တခြားလူတွေအတွက် ဖျော်ဖြေစရာ ဖြစ်ရမှာလဲ”။

Ref: MTA  8 Days

0 comments:

Post a Comment