Pages

Wednesday, July 4, 2012

ကလေးသို့




ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။

ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။

ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။

ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။

ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။

ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။

ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။

ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။


မနော်ဟရီ

0 comments:

Post a Comment