Pages

Wednesday, July 4, 2012

မွေးရပ်မြေ မော်လမြိုင်မြို့ အကြောင်း ပြောပြတဲ့ နန္ဒာလှိုင်


နယ်က တတ်လာလို့ အောင်မြင်အောင် လုပ်ချင်တယ်။ မအောင်မြင်ဘဲနဲ့ မျက်နှာငယ်ပြီး နယ်ကိုမပြန်ချင်ဘူး နန္ဒာလှိုင်ငယ်စဉ်မွေးဖွားရာ ဇာတိမြို့ကလေးကို လူတိုင်းချစ်မြတ်နိုးတွယ်တာတတ်ကြပါတယ်။ အရွယ်ရောက်လို့ 
ပညာဆည်းပူးဖို့၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့အတွက် မိမိရဲ့ ဇာတိမြို့ကို စွန့်ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာခဲ့တဲ့သူတွေ ရှိပါတယ်။ 



 ကိုယ့်ရဲ့ အိပ်မက်ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာပဲမဆို ကိုယ့်ရဲ့ ဇာတိမြို့လေးကို လွမ်းတမ်းတစိတ်တော့ ဖြစ်မိတတ်ကြပါတယ်။  မြို့ပြမှာ အလုပ်တွေ မောလို့ စိတ်ကြည်နူးစရာရယ်လို့ ပြန်တွေးမိရင် ကိုယ့်ဇာတိက ငယ်ဘဝတွေ ဆိုရင် မှားမယ် မထင်ပါဘူး။ အနုပညာရှင်တွေထဲမှာလည်း အနယ်နယ် အရပ်ရပ်က သူတွေ ရှိပါတယ်။ သူတို့တွေရော..သူတို့ရဲ့ ဇာတိမြေကို ဘယ်လိုလွမ်းလဲ ဆိုတာ ဒီလိုပဲ မေးဖြစ်ခဲ့သမျှ ဖော်ပြပေးလိုက်ပါတယ်။

နန္ဒာ့ရဲ့ မွေးရပ်ဇာတိက မော်လမြိုင်မြို့ကပါ။ ငယ်ငယ်လေးကတည်းက မော်လမြိုင်မြို့မှာ နေခဲ့တာဆိုတော့ အမှတ်တရတွေက အများကြီးပဲ။ မော်လမြိုင်မှာ First Year ထိ ကျောင်းတက်ခဲ့ပြီး Second Year ကျမှသာ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ ပြောင်းလာခဲ့တာပါ။ မွေးရပ်ဇာတိကို အမြဲတမ်း လွမ်းမိတာပေါ့။


 မော်လမြိုင်မြို့ဆို ကိုယ့်ရဲ့ မွေးရပ်ဇာတိပဲလေ။ ရန်ကုန်ဆိုတာက ပြောရမယ်ဆိုရင် ကိုယ့်အတွက် ဆိုရင် ဧည့်သည်လိုပဲ။


ကိုယ့်ရဲ့ မွေးရပ်ဇာတိကို အမြဲတမ်း သတိရမိတယ်။ နွေရာသီဆိုရင်လည်း နွေမို့လို့၊ မော်လမြိုင် ရာသီဥတုက အေးတယ်လေ။ ရန်ကုန်မှာလို Air Con ဖွင့်ပြီး အခန်းထဲ အောင်းနေရတာ မဟုတ်ဘူးလေ (ရယ်လျက်)။ မိုးရာသီ ဆိုရင်လည်း မိုးတွင်းအလျောက် ပျော်ဖို့ ကောင်းတယ်။ ဆောင်းရာသီ ဆိုရင်လည်း ဒီမှာလို နှင်းကျတာ ကျိုးတိုးကျဲတဲ မဟုတ်ဘဲနဲ့ တကယ်ကို နှင်းတွေက သိပ်သိပ်သည်းသည်းလေးနဲ့ အရမ်းပျော်စရာ ကောင်းခဲ့ပါတယ်။

အပျိုတုန်းက ဇာတ်ကားရိုက်တုန်းက ဆိုရင်လည်း ကိုယ့်ရဲ့ မွေးရပ်ဇာတိကို အချိန်တိုင်း ပြန်ချင်တယ်။ မှတ်မှတ်ရရ မော်လမြိုင်မှာ ဇာတ်ကားရိုက် သွားရတာမျိုး ဆိုပြီး တစ်ခါမှ မရှိသလောက်တောင် ပြောလို့ရတယ်။ ဒီတိုင်းသာ အလည်အပတ် ပြန်ဖြစ်ခဲ့တာ။ အပျိုတုန်းကတော့ ဆွေမျိုးတွေ အကုန်လုံးက မော်လမြိုင်မှာ ရှိတော့ အမြဲတမ်း ပြန်ဖြစ်တယ်။ အိမ်ထောင်ကျသွားတဲ့ အခါကျတော့လည်း ယောက်ျားကလည်း အဲဒီဖက်ထိ အလုပ်တွေ ချဲ့ထွင်ထားတဲ့ အတွက် တစ်လကို နှစ်ခေါက်လောက် ပြန်ဖြစ်ပါတယ်။


 ဒီတိုင်းဆိုရင်တော့ အလှူကိစ္စတို့၊ မင်္ဂလာဆောင်တို့ ရောက်ဖြစ်သလို ဒီအတိုင်း ကိုယ့်ဘာသာကိုယ် ဆိုရင်လည်း ကျောက်တစ်လုံးဆရာတော်ဘုရား မွေးနေ့ကတော့ မသွားမဖြစ်ပေါ့။ အချိန်မှန်မှန်လေး သွားဖြစ်တာ ဆိုရင်တော့ ဆရာတော်မွေးနေ့ပေါ့။ မော်လမြိုင်မှာ နန္ဒာတို့က ခြံ ရှိသေးတယ်လေ။ ဒူးရင်း၊ ကြက်မောက်၊ မင်းကွတ် အစုံ စိုက်ထားတယ်။ အခုထိ စိုက်ထားသေးတယ်။ အမြဲတမ်း အခုချိန်ထိ ပြန်ရောက်သေးတယ်။

မော်လမြိုင်က သူငယ်ချင်းတွေနဲ့တော့ အဆက်အသွယ် ရှိသေးတယ်။ ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့ရတဲ့ အချိန်တွေ၊ တက္ကသိုလ် First Year တက်တုန်းကို အချိန်တွေက တကယ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေပါ။ Second Year မှာ အလုပ်ထဲ ရောက်တော့ လွတ်လပ်တဲ့ ကျောင်းသူဘဝကို ပျောက်ဆုံးသွားခဲ့တာပေါ့။


 ငယ်သူငယ်ချင်းတွေကိုတော့ သတိရမိတယ်။ ဒါကြောင့် မွေးရပ်ဇာတိကို အလွမ်းဆိုတဲ့ ကဏ္ဍမှာ ပြောချင်တာကတော့ နန္ဒာ့လို နယ်ကတက်လာတဲ့ အနုပညာရှင်တွေရဲ့ ကိုယ်စား ပြောချင်တာက နယ်ကတက်လာတဲ့ သူတွေ ဘာကြောင့် အောင်မြင်တာလဲဆိုတော့ နန္ဒာ့အနေနဲ့ ပြောရရင် နယ်ကတက်လာတဲ့ အတွက် အောင်မြင်အောင် လုပ်ချင်တယ်။ မအောင်မြင်ဘဲနဲ့ မျက်နှာငယ်ပြီး နယ်ကိုမပြန်ချင်ဘူး။ ဒါကြောင့် နန္ဒာဖြစ်အောင် ကြိုးစားနိုင်ခဲ့တယ်လေ။


 အဲဒီလို နယ်ကနေဖြစ်အောင် ကြိုးစားနေတဲ့ သူတွေကလည်း ဖြစ်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် ရန်ကုန်မှာ နယ်ကတက်လာပြီး အောင်မြင်နေတာက အဲဒီစိတ်လေးတွေကြောင့် ဖြစ်မှာပါ။

By 8 Days,Myanmar News Now

0 comments:

Post a Comment