Pages

Monday, October 13, 2014

KNU နှင့်ညှိနှိုင်း၍ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက်မည်

RangonNewsDaily:: October . 13 .2014
စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၁၂ ခုအနက် ကျောက်ကြီးမြို့နယ်ရှိ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းကို အဆိုပါ နယ်မြေရှိ KNU လက်အောက်ခံ တပ်မဟာ-၂ နှင့် ဒေသခံများ၏ သဘောတူညီချက် ရရှိရန် ညှိနှိုင်းပြီးပါက အမြန်ဆုံး တည်ဆောက်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဘေဘီအုန်းက ပြောကြားသည်။ “ဓနရာဇာကုမ္ပဏီနဲ့ စာချုပ်ဆိုထားပြီးပြီ။ ဒေသခံတွေ၊ ကရင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေပါတယ်။ 
သဘောတူညီချက်ရရင် အမြန်ဆုံး အကောင်အထည် ဖော်မယ်။ သဘောတူညီချက်ရဖို့ နီးစပ်လာပါပြီ” ဟု ၎င်းကဆို
သည်။

တပ်မတော် အစိုးရလက်ထက်က စတင်ခဲ့ပြီး လက်ရှိ အစိုးရလက်ထက်တွင် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၁၂ ခုအကောင်အထည် ဖော်လျက်ရှိကာ အလယ်ပေါင်းလောင်း စီမံကိန်းမှာ တည်ဆောက်ဆဲ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းမှာ ဒေသခံကရင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းလျက် ရှိသောကြောင့် လက်ရှိအချိန်၌ ရပ်ဆိုင်းထားကြောင်း၊ စီမံကိန်း ၁၀ ခုက ပြီးစီးပြီဖြစ်၍ အချို့စီမံကိန်းများက လျှပ်စစ်ဓာတ်အား စမ်းသပ်ပေးပို့နေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက သြဂုတ်လအတွင်းက ပြောကြားထားသည်။


ဘောဂထ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၆၀ ထွက်ရှိမည် ဖြစ်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ဓနရာဇာ ကုမ္ပဏီတို့ ၂၀၁၃ ခုနှစ်အတွင်း စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီက တရုတ် အကူအညီဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဘေဘီအုန်းက ထပ်လောင်းပြောဆိုသည်။


“ဆည်တည်ဆောက်မှာကို ဒေသခံ ကျေးရွာသားတွေ သဘောမတူဘူး။ ရွာပေါင်း ၅၀ လောက် ရေမြုပ် ဧရိယာထဲပါ သွားမယ်လို့ သိထားတယ်။ ဒေသခံ အများစုက တောင်ယာနဲ့ စိုက်ပျိုးရေးပဲ လုပ်တာဆိုတော့ အိမ်တွေ၊ လယ်မြေတွေကို ဖယ်ပေးရမယ်ဆိုရင် လျှပ်စစ်မီးက အသုံးမဝင်ဘူး” ဟု ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာမှ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။


အဆိုပါ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းသည် KNU လက်အောက်ရှိ တပ်မဟာ-၂ နယ်မြေတွင် ရှိသောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်ကြီးမြို့နယ် ကရင်အမျိုးသား အစည်းအရုံး ဆက်ဆံရေးရုံးခွဲ တာဝန်ရှိသူ ဗိုလ်မောင်အေးထံ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ အဆိုပါ အစည်းအရုံးနှင့် နီးစပ်သူတစ်ဦးကမူ ဒေသခံ ကရင်လူမျိုးများ၏ ကန့်ကွက်မှုကြောင့် အဆိုပါ စီမံကိန်းကို လက်မခံခြင်း ဖြစ်ကြောင်း ပြောကြားသည်။


စစ်တောင်းမြစ်ဝှမ်း စီမံကိန်းများအနက် တောင်ငူမြို့နယ် ခပေါင်း ရေအားလျှပ်စစ် စီမံကိန်းမှ ၃၀ မဂ္ဂါဝပ်၊ ဖြူးချောင်း စီမံကိန်းမှ ၄၀ မဂ္ဂါဝပ်၊ သောက်ရေခပ်-၂ စီမံကိန်း ၁၂၀ မဂ္ဂါဝပ်၊ ကွန်းချောင်း စီမံကိန်းမှ ၆၀ မဂ္ဂါဝပ်၊ ရဲနွယ် စီမံကိန်းမှ ၂၅ မဂ္ဂါဝပ်၊ ရွှေကျင် စီမံကိန်းမှ ၇၅ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် ပေါင်းလောင်းမြစ်ပေါ်ရှိ အထက်ပေါင်းလောင်း စီမံကိန်း၊ အောက်ပေါင်းလောင်း စီမံကိန်း၊ နန်ချို စီမံကိန်းသုံးခုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၆၀ ထွက်ရှိမည်ဖြစ်ကာ အလယ်ပေါင်းလောင်း စီမံကိန်းကို ယခုနှစ်လယ်ပိုင်းက စတင်တည်ဆောက်နေပြီ ဖြစ်သည်။


TheVoice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment