Pages

Monday, October 13, 2014

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်သည့် အကယ်ဒမီ ပွဲကို ရွက်ဖျင်တဲလို နေရာမျိုး၌ မကျင်းပသင့်ဟု ဒါရိုက်တာဝိုင်း ဝေဖန်


RangonNewsDaily:: October . 13 .2014
ရန်ကုန်၊ အောက်တိုဘာ ၁၂။ ဇာတ်ကား များစွာကို ရိုက်ကူးပြီး အောင်မြင်မှု တစ်ခု ရရှိနေသည့် ဒါရိုက်တာ ၀ိုင်းက ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် အကယ်ဒမီ ထူးခွန်ဆု ပေးပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်ခြင်းကြောင့် ရွက်ဖျင်တဲ ဖြစ်သည့် Myanmar Event Park ၌ မကျင်းပ သင့်ဟု မဇ္စျိမကို ပြောသည်။
"အမှန်အတိုင်း ပြောရရင် အကယ်ဒမီပွဲလို ကြီးကျယ် ခမ်းနားတဲ့ ပွဲတစ်ပွဲက Myanmar Event Park လို ရွက်ဖျင်တဲလို နေရာမျိုးမှာ မကျင်းပသင့် ပါဘူး။ နိုင်ငံတကာက မြန်မာနိုင်ငံကို စောင့်ကြည့်နေတဲ့ အပေါ်မှာ အခုလိုမျိုး နိုင်ငံကျော် အကယ်ဒမီပွဲတစ်ပွဲကို ဖြစ်သလို မကျင်းပ စေချင်ပါဘူး။ ခမ်းခမ်း နားနား ကျင်းပစေ ချင်တာပါ" ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲ ကျင်းပသည့် နေရာနှင့် ပတ်သက်ပြီး အနုပညာ လောက အတွင်း ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်လျက် ရှိခြင်း အပေါ် မြန် မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဖြစ်သူ လူမင်းက "ဒီနေရာမှာ ကျင်းပမယ်ဆိုနဲ့ ပတ်သက်ပြီး အကယ်ဒမီပွဲ ကျင်းပရမဲ့ နေရာမဟုတ်ဘူး ဆိုရင် ပြန်မေးချင် ပါတယ်။

အခု ပြောနေကြတဲ့ သူတွေ ပြောတဲ့ အတိုင်း အကယ်ဒမီပွဲ ကျင်းပမဲ့ နေရာဟာ တကယ်ကျင်းပသင့် မကျင်းပသင့်တဲ့ နေရာလား ဆိုတာ ကိုပါ။ အရင်က ကျင်းပခဲ့တဲ့ သူဝဏ္ဏလို နေရာမျိုးက ခြင်းလုံးခတ်၊ ဘောလုံးကန်တဲ့ နေရာမျိုးပါ။ အခု ကျင်းပမယ့် Myanmar Event Park လို နေရာမျိုးကို ရွက်ဖျင်တဲလို့ ပြောနေ ကြတယ်။ 

တကယ်တော့ ဒီနေရာ တွေက အခမ်းအနားတွေ ကျင်းပဖို့ သီးသန့် ဆောက်ထား တာပါ။ နေရာလည်း ကျယ်တဲ့ အပြင် ကျင်းပမယ့် ပွဲတွေကို ကဏ္ဍအလိုက် ကျင်းပလို့ရပါတယ်။ အမှန်တကယ် အားလုံး အတွက် အဆင်ပြေမယ် ထင်လို့ အခုလို ရွေးချယ် လိုက်တာပါ"ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဥက္ကဌ လူမင်းက ပြောသည်။

မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ရာ၌ နှစ်စဉ် အနုပညာရှင် ခုနှစ်ရာမှ ရှစ်ရာခန့်သာ ဖိတ်ကြား နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အနုပညာရှင် အလွှာ ပေါင်းစုံ တက်ရောက် နိုင်မည့် ယင်းနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု လူမင်းက ပြောသည်။ မြန်မာနိုင်ငံတွင် အနုပညာ ရှင်ပေါင်း ၂၀၀၀ ကျော်ရှိပြီး နှစ်စဉ် အကယ်ဒမီ ထူးချွန်ဆု ချီးမြင့်ပွဲသို့ တက်ရောက်မည့် အနု ညာရှင်များကို လူရွေးကာ ဖိတ်ကြား နေရခြင်းကြောင့် ယခုနှစ်တွင် အနုပညာရှင် အားလုံး တက်ရောက်နိုင်ရန် အတွက် ပရိသတ်များကို လက်မှတ် ရောင်းချခြင်း အစီအစဉ်ကို ထည့်သွင်းခြင်း မရှိဟု ပြောသည်။

"အစည်းအရုံးက အနုပညာရှင်တွေ အကုန်လုံး တက်လို့ရအောင်လို့အဲဒီမှာ သွားလုပ်တာလို့ပြော တာပဲ။လင်စုံမယားဖက် အနုပညာရှင်တွေ ရှိရက်သားနဲ့ တစ်ယောက်တည်း ခွဲဖိတ်ရတာမကောင်းပါဘူး။အနုပညာရှင်အကုန်လုံးဆိုရင် ဒီနေရာပဲ ဆန့်မှာလေ။ ဒါတောင်ပရိသတ်တွေကို ၀င်ခွင့်မပေး လို့။ ပေးခဲ့ ရင်တော့ အနုပညာရှင်တွေမဆန့်တော့ဘူးလေ"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နာယက တစ်ဦးဖြစ်သည့် ပန်းချီစိုးမိုးကပြောသည်။

ပွဲကျင်းပမည့် Myanmar Event Park သည် မြေနီကုန်း၌ တည်ရှိ နေခြင်းကြောင့် မြေနီကုန်း ဂုံးကျော်တံတား တည်ဆောက်မှုနှင့် ယင်းနေရာသို့ ပရိသတ်များ လာရောက်မှု များပြား လာမည် ဖြစ်ခြင်းကြောင့် ကားလမ်း ကြပ်တည်း မှုများ ဖြစ်လာ နိုင်သည်ဟု အနုပညာရှင်များက သုံးသပ် ကြသည်။

၂၀၁၂ ခုနှစ်အတွက် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုချီးမြင့်ပွဲတွင် နိုင်ငံတကာမှ အနုပညာရှင်များ တက်ရောက်ရန် ဖိတ်ကြား မည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ တာဝန်ရှိသူ များက ပြောကြားခဲ့ သော်လည်း ယင်းနှစ်တွင် ပြည်ပ အနုပညာရှင်များ တက်ရောက်လာခြင်း မရှိပေ။

"အခု ဒီနှစ်ပွဲ တက်ရောက်ဖို့ အတွက် ပြည်ပက အနုပညာရှင်တွေကို ဖိတ်ကြားဖို့ စီစဉ်နေ ပါပြီ။ ဘယ်နိုင်ငံက ဘယ်လို အနုပညာရှင်တွေ လာမယ်ဆို တာ သေချာတော့ အသေးစိတ် မပြောချင် သေးပါဘူး"ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လူမင်းက ပြောသည်။ 


၂၀၁၄ ခုနှစ် အကယ်ဒမီ ထူးချွန် ဆု ပေးပွဲ အတွက် စင်မြင့်တည်ဆောက်မှုကို ထိုင်းနိုင်ငံမှ စင်မြင့် တည်ဆောက်မည့် ပညာရှင်များနှင့် ချိတ်ဆက်ထား သည်ဟု ၎င်းက ပြောသည်။ မြန်မာ ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပွဲကို ပရိသတ်များ အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ရန် အတွက် Myanmar Event Park နှင့် နီးသည့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ် မြက်ခင်းပြင်တို့တွင် LED များထောင်ပြီး ပြသ သွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ လူမင်းက ပြောသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment