Pages

Wednesday, October 15, 2014

ခေတ်သစ်ကျွန်ပြုမှု၊ ရန်ကုန်မှာ ဒါမျိုးတွေရှိသလား

RangonNewsDaily:: October . 14 .2014
ပြီးခဲ့တဲ့ရက်ပိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ စာဖတ်သူတွေအတွက် အတော်လေး တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတစ် ယောက်ကိုလိမ်ညာခေါ်၊ ရန်ကုန်မြို့လယ်ခေါင် အလွန် လူစည်ကားရာ စမ်းချောင်းက အိမ်တစ်အိမ်မှာ ပိတ်လှောင်ပြီး ထွက်ပြေးလို့မရအောင် လုပ်၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံရသတဲ့။
တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး အိမ်နီးချင်း ထိုင်းနိုင်ငံလိုမျိုးမှာပဲ ကြားရလေ့ရှိတဲ့ မှုခင်းမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံစီးပွားရေးမြို့တော် ရန်ကုန်လိုမှာတောင် ခုလို ကြောက်စရာမှုခင်းမျိုး ရှိလာနေပါပြီလား၊ ဒီလို ပြဿနာ မျိုးဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြ သွားပါ့မယ်။

ဖြစ်စဉ်မှာ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေးဟာ လှိုင်သာယာက အသက် (၁၈) နှစ်အရွယ် မိန်းကလေး တစ်ယောက်ပါ။ သူဟာ အိမ်ထောင်ကျပြီးနောက် ယောက်ျားနဲ့ကွဲပါတယ်။ တစ်နှစ်လောက် ကွဲပြီးနောက် ယောက်ျားနဲ့ ပြန်ပေါင်းပါတယ်။ ပြန်ပေါင်းပြီးနောက် သူလုပ်နေတဲ့ အထည်ချုပ်လုပ်ငန်းကနေ အနားယူနေ တာကြာလို့ မိသားစုအတွက် အလုပ်လုပ်ချင်တယ်လို့ ပြောပါတယ်။ 


အလုပ်လုပ်ချင်တဲ့ကိစ္စ အဒေါ်နဲ့ တိုင် ပင်၊ အဒေါ်ကနေ တစ်ဆင့်ပွဲစား အမျိုးသမီးကြီးတစ်ယောက်နဲ့ ဆက်မိ၊ အဲဒီကနေတစ်ဆင့် စမ်းချောင်းက အိမ်တစ်အိမ်ရောက်သွားတယ်လို့ ဆိုပါတယ်။

သူက အဲဒီအိမ်မှာ အိမ်အကူအဖြစ် အ၀တ်လျှော်၊ ထမင်းချက်၊ မီးပူတိုက်အလုပ် လုပ်ရမယ်ထင်ပြီး ရောက် သွားတာပါ။ အိမ်မှာတော့ “စမိုင်း” ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအိမ် အရောက် အလုပ်ရှင်က ငွေငါးသောင်း ထုတ်ပေးတော့ပွဲစားကို လေးသောင်း၊ သူ က တစ်သောင်းပဲရ တယ်လို့ ဆိုတယ်။ နောက်တော့ ဂျာကြီးဆိုသူက သစ်သားနဲ့ ကာထားတဲ့ အခန်းထဲထည့်ပြီး ပြည့်တန်ဆာ လုပ်ခိုင်းတော့တာပါပဲ။ မလုပ်နိုင်ဘူးပြောတော့ နင့်ကို စာချုပ်နဲ့ငွေကြိုယူပြီး အပ်သွားတာလို့ ဆိုပါတယ်။

သူ့ရဲ့ ပြန်ပြောပြချက်အရ ဧည့်သည် တစ်ယောက်နဲ့ နေရင် ၁၂,၀၀၀ ရတယ်လို့ သိရပါတယ်။ အလုပ် ရှင်က ၇,၀၀၀ ယူပြီး၊ သူက ၅,၀၀၀ ရတယ်လို့ ဆိုပါတယ်။ ထမင်းစရိတ် ကိုယ့်ဘာသာကိုယ် စိုက်ရတာ ပါ။ အပြင်ထွက်ခွင့် လုံးဝမပေးပါဘူး။ ထမင်းစားချင်ရင် သန့်ရှင်းရေးက တစ်ဆင့်ဝယ်ခိုင်းရတယ်လို့ ပြော ပါတယ်။ အဲဒီ အိမ်မှာ သူနဲ့အတူ တခြားမိန်းကလေး အယောက် ၂၀ လောက်လည်း ရှိတယ်လို့ ဆိုပါ တယ်။


 ဖြစ်ပုံက တကယ့်ကို ရှေးခေတ်က ကျွန်ပြုတဲ့ပုံစံအတိုင်းပါပဲ။ ဒီလိုနဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ သူ့မိသား စုက စမ်းချောင်း ရဲကိုအကူအညီတောင်းပြီး စုံစမ်းခေါ်ထုတ်နိုင်ခဲ့တဲ့အတွက်ပြန်လွတ်လာခဲ့တာပါ။ အဲဒီ ပြည့်တန်ဆာအိမ်မှာ သြဂုတ်လ ၂၄ ရက်ကနေ အောက်တိုဘာ ၈ ရက် အထိ စုစုပေါင်းတစ်လခွဲနီးပါး ကြာခဲ့ပါတယ်။ 

သူ့ကို မိသားစုတွေက ပြန်တွေ့ခဲ့တဲ့ အချိန်လမ်းကောင်းကောင်း မလျှောက်နိုင် တော့ပါ ဘူး။ တွဲထူ ပွေ့ချီရတဲ့ အခြေအနေရောက်နေပါပြီ။ မသေမပျောက် ငရဲခန်းထဲက ထွက်လာနိုင်တာကိုပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ခုတော့ အဲဒီတရားခံတွေကို လူကုန်ကူးမှုနဲ့ အရေးယူဖို့ လုပ်နေပါပြီ။

ကောင်းပါပြီ။ ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ကြရအောင်ပါ။ အဲဒီ ပြည့်တန်ဆာရုံမှာ အမျိုးသမီး ၂၀ လောက် အခိုင်းခံနေရ တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်က မိန်းကလေးလို ပိတ်လှောင်ခံထားရသူ ဘယ်နှယောက် ရှိမလဲ မသိနိုင်ပါဘူး။ နောက် မိန်းကလေး အယောက် ၂၀ လောက်ရှိတဲ့ ပြည့်တန်ဆာရုံ ဖြစ်တဲ့အတွက် တစ်နေ့ တစ်နေ့ လာမယ့်သူ အယောက် ၅၀ ကနေ ၁၀၀ အကြားရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလို လုပ်ငန်းမျိုး ရန်ကုန်၊ စမ်းချောင်းလို မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာမျိုးမှာ ခိုးကြောင်ခိုးဝှက် ဘယ်သူမှ လုံးဝမသိဘဲ လုပ်နိုင်မယ့် အခြေအနေရှိသလား စဉ်းစားကြည့်ရအောင်ပါ။

ရန်ကုန်က ကာရာအိုကေခန်း၊ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံတွေ ဆိုတာဟာ ထိုင်း နိုင်ငံမှာလို လက်နက်ကိုင် ကြေးစားလူမိုက်တွေ စောင့်ကြပ်တဲ့နေရာမျိုး မဟုတ်ပါဘူး။ အနည်းဆုံးအဆင့် ရပ်ကွက်အာဏာပိုင်တွေ နဲ့ နယ်မြေခံရဲတွေသိ၊ သူတို့ကို ဆက်ကြေးပေးပြီး လုပ်ရတဲ့ လုပ်ငန်းတွေများပါတယ်။ 


အခုဖြစ်စဉ်မှာ ဆိုရင် လည်း နေ့စဉ် လူ ၁၀၀ လောက် ၀င်ထွက်နေတဲ့ ပြည့်တန်ဆာရုံကို ရဲကမသိဘဲ ဖွင့်နေတာ လုံးဝမဖြစ်နိုင် ပါဘူး။ အခုနောက်ဆုံး ပြဿနာပေါ်သွားတာကလည်း ဆွေမျိုးတွေက စုံစမ်း၊ ဖမ်းတာက လှိုင်သာယာရဲစခန်း က သတင်းပို့လို့ ရန်ကုန်လူကုန်ကူးမှု နှိမ်နင်းရေးအဖွဲ့က ၀င်ဖမ်းတာပါ။

ဒီမှုခင်းအတွက် ပြည့်တန်ဆာရုံထောင်သူတွေ၊ အတင်းအကျပ် ပိတ်လှောင် ခိုင်းစားသူတွေ၊ နှိပ်စက်သူ တွေ ရှိရင်လည်း နှိပ်စက်သူတွေ၊ ပြည့်တန်ဆာရုံ ပို့ပေးတဲ့ ပွဲစားတွေ စတဲ့သူတွေကို အရေးယူရမယ့်အပြင် ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ နယ်မြေခံရဲတွေကိုလည်း အသေအချာ စစ်ဆေးဖို့ လိုပါတယ်။ 


တကယ်လို့ ရဲက လိုင်းကြေးယူပြီး အဲဒီပြည့်တန်ဆာရုံကို မျက်နှာလွှဲထားမယ်ဆိုရင် ဒါဟာ လူကုန်ကူးမှု၊ ပိတ်လှောင် နှိပ်စက်ညှဉ်းပန်းမှုအတွက် ကူညီအားပေးသူတွေပါပဲ။ သူတို့ကိုပါ ဒီအမှုတွဲထဲမှာ ထည့်ဖို့လိုပါ လိမ့်မယ်။ ဒါမှမဟုတ်ရင် ခုလိုမှုခင်းတွေ နောက်ပိုင်း ဆက်ကာဆက်ကာ ပေါ်လာဦးမှာပါ။

အလားတူပါပဲ။ စိတ်မချမ်းသာစရာ နောက်သတင်းတစ်ပုဒ်ကတော့ သီရိမင်္ဂလာဈေးသစ်မှာ အုပ်စုဖွဲ့ ဆက် ကြေးတောင်းနေတဲ့ လူမိုက်ဂိုဏ်းကို ဖြေရှင်းလို့ မလွယ်ဘူးဆိုတာပါပဲ။ ဆက်ကြေးတောင်း ခံရသူတွေက ရဲကိုတိုင်၊ ရဲက ခေါ်စစ်၊ မသေချာဘူးဆိုပြီး ပြန်လွှတ်၊ လွတ်သွားရင် အဲဒီလူတွေက တိုင်သူတွေကိုပိုပြီး ဒုက္ခပး၊ နောက်အခါ မတိုင်ရဲ ဒီလိုနဲ့ လူမိုက်ဂိုဏ်း ကြီးစိုးနေတာပါ

ဒါနဲ့ပတ်သက်ရင် သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းတွေ တာဝန်ရှိပါတယ်။ ပြဿနာတစ်ခု ပေါ်ပြီဆိုတာနဲ့ ဘယ် သူ့ကို မဆိုသင့်လျော်သူတစ်ယောက်ယောက်ကို တာဝန်ပေး ဖြေရှင်းခိုင်းရပါမယ်။ သူ လိုအပ်တာတွေကို အဆင့်ဆင့်သော ရဲတပ်ဖွဲ့က နောက်ကနေ ပံ့ပိုးပေးရပါမယ်။ မဖြေရှင်းနိုင်ဘူး အရည်အချင်း မရှိဘူးဆိုရင် နယ်ပြောင်း၊ အရေးယူ၊ တစ်ခုခုလုပ်ရပါမယ်။ ဒီလိုမှသာ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင် မှာပါ။


 နောက်ထပ် ရယ်စရာသတင်းတစ်ခုကလည်း ရန်ကုန်တိုင်းထဲက ရဲစခန်းတွေ တစ်နေ့ကို တရားခံပြေး တစ်ယောက်ကျ ဖမ်းပေးရမယ် ဆိုတာပါ။ အဲလိုဆိုတာကတည်းက အဲဒီ ရဲစခန်းအပိုင်နယ်မြေထဲမှာ တရားခံပြေးတွေဟာ ရဲကိုငွေပေးပြီး နေထိုင်နေကြတယ် ဆိုတဲ့ကိစ္စ ပေါ်လွင်လာစေပါတယ်။ မဖမ်းဘဲ ဆက်ကြေးယူထားလို့လည်း ရတယ်၊ စီမံချက်ရှိရင်လည်း ဖမ်းပြနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

 ခြုံငုံပြီး သုံး သပ်ရရင် ခုလို ပြဿနာမျိုးတွေမှာ တရားခံရှာတာမျိုးချည်း မလုပ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်တဲ့ ရဲတွေ၊ တာဝန်မယူတဲ့ ရဲတွေ၊ အရည်အချင်းမရှိတဲ့ ရဲတွေကိုပါ စစ်ဆေးဖော်ထုတ်အရေးယူမှု ရှိမှသာ ခုလို ကြောက်စရာကောင်းတဲ့ မှုခင်းတွေ လျော့နည်းသွားမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
mizzima , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment