Pages

Wednesday, October 15, 2014

ဂြိုဟ်တုတိုင်းတာမှုများ အရ ကမ္ဘာ့အကြီးဆုံး မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကို အမေရိကန် ပြည်ထောင်စုတွင် တွေ့ရှိ


RangonNewsDaily:: October . 14 .2014
အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း ကျောက်မီးသွေး ပေါများရာ ဒေသသည် မီသိန်းဓာတ်ငွေ ယိုစိမ့်မှု အမြင့်ဆုံး ဖြစ်နေသည်ကို ဥရောပ အာကာသ အေဂျင်စီ (ESA) ၏ လေထု ပတ်ဝန်းကျင် မြေပုံ ရေးဆွဲရေးသုံး ပုံရိပ်ဖမ်း စပက်ထရိုမီတာ ကို အသုံးပြုကာ ဖမ်းယူ ရရှိခဲ့ပြီး မြေပြင် ကိရိယာ များဖြင့် ထပ်မံ အတည်ပြု တိုင်းတာ ခဲ့ပြီးနောက် ကမ္ဘာ့ အကြီးဆုံး မီသိန်းဓာတ်ငွေ့ လွင်ပြင်ကြီး ဖြစ်ကြောင်း သိပ္ပံ ပညာရှင် များက အတည်ပြု ခဲ့ကြသည်။
အဆိုပါ မီသိန်းဟော့စပေါ့ သည် နယူးမက္ကဆီကို ပြည်နယ် ဆန်ဟွမ် ချိုင့်ဝှမ်းတွင် တည်ရှိပြီး ကျောက်မီးသွေး ကြော များတွင် မီသိန်းတွင်း လေးသောင်းခန့် စိမ့်ဝင် နေခြင်း ဖြစ်သည်။ အရီဇိုးနား၊ ကော်လိုရာဒို၊ နယူးမက္ကဆီကို နှင့် ယူတာ တို့မှ ထောင့်လေးထောင့် ထောက်တိုင်း စနစ်ဖြင့် တိုင်းတာခဲ့ရာ ဤ မီသိန်း လွင်ပြင်သည် ဧရိယာ စတုရန်း မိုင်ပေါင်း ၂၅ဝဝ ခန့်ရှိသည်ကို တွေ့ရှိခဲ့သည်။

ယင်း ဟော့စပေါ့ သည် ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း မီသိန်း မက်ထရစ် တန်ချိန် သုည ဒသမ ၅၉ သန်း နှစ်စဉ် ထုတ်လွှတ် ခဲ့ရာ အဆိုပါ ပမာဏသည် အမေရိကန် ပြည်ထောင်စု တစ်ခုလုံးက နှစ်စဉ် ထုတ်လွှတ် နေသော မီသိန်း စုစုပေါင်း ပမာဏ၏ ၁ဝ ရာခိုင်နှုန်း နှင့် ညီမျှကြောင်း သိရသည်။

ကမ္ဘာ့လေထု ပူနွေးလာ စေသည့် အဓိက ဖန်လုံအိမ် ဓာတ်ငွေ့ လေးမျိုးတွင် မီသိန်း အပါအဝင် ဖြစ်ပြီး မီသိန်းက ကာဗွန်ဒိုင် အောက်ဆိုဒ် ထက် အနီအောက် ရောင်ခြည်ကို ဖမ်းဆုပ် ထားနိုင်သည့် အတွက် ပိုမို အားကောင်း သော ဖန်လုံအိမ် ဓာတ်ငွေ့ ဖြစ်လာသည်။

သို့ သော် မီသိန်းသည် ကာဗွန်ဒိုင် အောက်ဆိုဒ် ထက် ပြိုကွဲရ လွယ်ပြီး တစ်ကြိမ် ထွက်ရှိလျှင် ၁ဝ နှစ်ခန့်တွင် ပြိုကွဲ ပျောက်ဆုံး သွားနိုင် သော်လည်း ကာဗွန်ဒိုင် အောက်ဆိုဒ် သည်မူ နှစ်ပေါင်း ရာပေါင်း မှသည် ထောင်နှင့် ချီသည် အထိ လေထုထဲတွင် ရှိနေ နိုင်ကြောင်း သိရသည်။

ယခု တွေ့ရှိမှုကြောင့် အမေရိကန် ပြည်ထောင်စုမှ ယိုစိမ့်ထွက်ရှိ နေသော မီသိန်း ဓာတ်ငွေ့ ပမာဏသည် မူလက ခန့်မှန်း ထားခဲ့ သည်ထက် ၁ ဒသမ ၈ ဆ ပိုနေသဖြင့် နှစ်ဆခန့် ပိုသွားပြီး အမေရိကန် ပြည်ထောင်စု အနေဖြင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရာတွင် မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကို အန္တရာယ် ကင်းသည့် အဆင့်အထိ ထိန်းချုပ် ထားနိုင်ခြင်း မရှိသည့် အတွက်လည်း အပြစ်တင် ဝေဖန်မှုများ ထွက်ပေါ် လာကြောင်း သိရသည်။

PyiChitThar , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment