Pages

Wednesday, October 15, 2014

အမေရိကန်တွင် လူမည်းဆယ်ကျော်သက်ကို လူဖြူ ရဲ ပစ်သတ်မှု ဆန္ဒပြပွဲများဆက်ဖြစ်

RangonNewsDaily:: October . 14 .2014
အမေရိကန် ပြည်ထောင်စု ဖာဂူဆန် ဆင်ခြေဖုံးမှာ သြဂုတ်လက လူမည်းဆယ်ကျော်သက်ကို လူဖြူရဲက သေနတ်နဲ့ ပစ်သတ်တဲ့ ကိစ္စကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။
မိုးရေတွေကြားမှာ လူရာဂဏန်းတချို့ဟာ ရဲစခန်းဆီကို ချီတက်သွားပြီး တချို့က ရဲစခန်း ၀င်ပေါက်ကို ပိတ်ဆို့ဖို ကြိုးစားကြလို့ ရဲတွေနဲ့ ရင်ဆိုင်တွေ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ က ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုကာလရဲ့ ကြွေးကြော်သံ ဖြစ်တဲ့ We Shall Overcome “ငါတို့တွေ ကျော်ဖြတ်မယ်” ဆိုတဲ့ တေးသွားကို တချို့က သီဆိုကြပါတယ်။

ရဲက ဆန္ဒပြသမားတချို့ကို ဖမ်းဆီးလိုက်တဲ့အထဲမှာ တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ စာရေးဆရာလည်း ဖြစ်တဲ့ Cornel West လည်း အဖမ်းခံလိုက်ရပါတယ်။

စိန့်လူဝစ် နယ်မြေမှာ အောက်တိုဘာ ၁၀ ရက်နေ့က တကျော့ ပြန်စတဲ့ ၄ ရက်တာ ဆန္ဒပြပွဲအတွင်း တခါတရံ လူထောင်နဲ့ချီပြီး ပူးပေါင်းခဲ့ပါတယ်။

ရဲတွေက အာဖရိက နွယ်ဖွားတွေကို အနိုင်ကျင့်နေတာကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ ဆန္ဒပြသမားတွေက ဆိုပါတယ်။

သြဂုတ်လ ၈ ရက်နေ့က အသက် ၁၈ နှစ် အရွယ် မိုက်ကယ်ဘရောင်းကို ဖာဂူဆန် နယ်မြေ ရဲအရာရှိ ဒါရန် ၀ီလဆင်က သေနတ်နဲ့ ပစ်သတ်တဲ့ ကိစ္စကို လူသတ်မှုနဲ့ တရားစွဲနိုင်ဖို့ တရားရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့က စဉ်းစားနေချိန်မှာ ဆန္ဒပြသမားတွေကတော့ ရဲအရာရှိကို ချက်ချင်းဖမ်းပေးနဲ့ ဒီအမှုအတွက် အထူးတာဝန်ပေးအပ်ခံတဲ့ အစိုးရ ရှေ့နေတယောက်ကို ခန့်အပ်ပေးဖို့ တောင်းဆိုနေပါတယ်။

အမေရိကန် တရားရေးဌာနကတော့ ဒီအမှုဟာ ပြည်သူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိ၊ မရှိ ဆိုတာကို စုံစမ်းနေပါတယ်။


DVB , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment