Pages

Monday, February 24, 2014

အခြေခံပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်များကို တိုက်တွန်း


RangonNewsDaily: February . 24 .2014
အခြေခံဥပဒေပြင်ဆင်ရေးအတွက် အတားအဆီးဖြစ်နေသော ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ရေး လွှတ်တော်တွင် အဆိုတင်သွင်းပေးရန် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြုလုပ်သော ဟောပြောပွဲတွင် ပါဝင်သူများက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းလိုက်သည်။
အဆိုပါ ဟောပြောပွဲကို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ တောင်သူလယ်သမားအရေး ဆောင်ရွက်သူများ၊ မြန်မာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တို့က ပူးပေါင်းကျင်းပကြခြင်းဖြစ်ပြီး ဟောပြောသူများက ပုဒ်မ ၄၃၆ (က) ပြင်ဆင်ရေး အတွက် ဟောပြော မှုများပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၁၁၊ ၁၂တို့ပါ ပုဒ်မအချို့ကို ပြုပြင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းက သဘောတူလက်ခံ ရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုပါပြီး မဲပေးသူ၏ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။

“ပုဒ်မ ၄၃၆(က) က အခြေခံဥပဒေမှာပါတဲ့ အဓိကကျတဲ့ အချက်တွေကို ထိန်းချုပ်ထားတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ဆန္ဒ အမှန်တကယ် ရှိတယ်ဆိုရင် ဒီပုဒ်မကို ပြင်ဆင်ဖို့ လွှတ်တော်မှာ အမြန်ဆုံး အဆိုတင်ဖို့ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်တွေကို ကျွန်တော်တို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းဇေယျက မဇ္ဈိမကိုပြောသည်။

လွှတ်တော်ထဲတွင် အဓိက ရောက်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များက အများစုဖြစ်သောကြောင့် ယင်းသို့ တိုက်တွန်းရခြင်း ဖြစ်သည်ဟု ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“ပြည်ခိုင်ဖြိုးက အမတ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေသာ စေတနာအမှန်ရှိမယ်။ ဒီပုဒ်မကို ပြင်ဆင်ရေး ဦးဆောင်မယ်ဆိုရင် ဒီပုဒ်မ ပြင်ဆင်ဖို့ မခက်ခဲပါဘူး။ ဒီပုဒ်မကို ပြင်နိုင်ရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့လည်း မခက်ခဲတော့ပါဘူး"ဟု ယင်းဆွေးနွေးပွဲတွင် ဟောပြောခဲ့သူ တောင်သူလယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယင်းပုဒ်မ ပြင်ဆင်နိုင်ရန် လွှတ်တော်တွင် ကြိုးပမ်းမှုများမရှိပါက လွှတ်တော်ပြင်ပတွင် ပြင်ဆင်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ရန် လှုံ့ဆော်သွားမည်ဟု ယင်းဟောပြောပွဲတွင် ဟောပြောခဲ့သူ ဦးမင်ဇေယျာ က မဇ္ဈိမကိုပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် အတားအဆီးဖြစ်နေသော ပုဒ်မ ၄၃၆ ကို ဦးစွာပြင်ဆင်နိုင်မှ သာလျှင် ကျန်ပုဒ်များ ကို လွယ်ကူစွာပြင်ဆင်နိုင်မည်ဟု ယင်းဟောပြောပွဲမှ ဦးဆောင် ဟောပြောသူများက ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ဖေဖော်ဝါရီလ ၁၆ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံကာ ဆွေးနွေးခဲ့
သေးသည်။

ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သော ဟောပြောပွဲတွင် ၈၈ ကျောင်းသားဦးမင်းဇေယျာ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုဝေဠု၊ တောင်သူလယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို၊နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဦးထွန်းအောင်ကျော်တို့က ဟောပြောခဲ့ပြီး လာရောက်နားထောင်သူ တစ်ရာကျော်ခန့် တက်ရောက်ခဲ့သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment