Pages

Friday, June 21, 2013

ကျောက်ဆည်မှ လုပ်ကြံ သတင်းကိစ္စ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များမှ မြို့နယ် ဆရာတော်ကြီးများအား သွားရောက်တွေ့ဆုံ လျောက်ထား

ဇွန် ၂၀၊ ၂၀၁၃

ကျောက်ဆည် ။ ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်လာစေရေး အတွက် ဆရာတော်ကြီးများ၏ သြ၀ါဒခံယူပွဲ တစ်ရပ်ကို ယနေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ သီရိသာသနာ့ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်း သြ၀ါဒခံယူပွဲတွင် ကျောက်ဆည်မြို့ပေါ်ရှိ မြို့နယ် သံဃာနာယက သြ၀ါဒါစရိယ ဆရာတော်တစ်ပါး၊ မြို့နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြုသည့် နာယကဆရာတော်(၃)ပါး၊ မြို့နယ် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌဆရာတော် (၁)ပါး၊ စုစုပေါင်း ဆရာတော်(၅)ပါးတို့ထံမှ ခရိုင်နှင့် မြို့နယ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ အမှူးပြုသည့် အစ္စလာမ် ဘာသာဝင်(၉)ဦးတို့သည် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင် ဆောင်ရွက်နိုင်ရေး၊ ကောလဟလသတင်းများ၊ ဘေးပယောဂများ၊ လုပ်ကြံဖန်တီး၍ အစ္စလာမ်ဘာသာရေးနှင့် သက်ဆိုင်သည့် နှိုးဆော်စာများဖြန့်ဝေနေခြင်း ကိစ္စရပ်များကို ပူးပေါင်းဖော်ထုတ်၍ ပြည်သူများအား အသိပေးဆောင်ရွက်သွားရန် သြ၀ါဒခံယူခဲ့ခြင်းဖြစ်ပါသည်။

သြ၀ါဒခံယူပြီးနောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများကို အစ္စလာမ်ဘာသာမှခေါင်းဆောင်များမှ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်သာသနာရေးမှူးတို့လည်း တက်ရောက်ခဲ့ပြီး စုစုပေါင်း လူ ၂၀-ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျောက်ဆည်မြို့ မြို့နယ်သံဃာနာယကဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ (မဟာဝိသုတာရာ (ဆူးကုန်း)ကျောင်း)မှ 'ကျောက်ဆည်မြို့တွင် အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များကြားတွင် မည်သည့်ပြဿနာမှ မရှိကြောင်း၊ အကယ်၍ ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်လာမည်ဆိုပါက ကျောင်းထိုင်ဆရာတော်များ ၀ိုင်းဝန်းပြီး ပူးပေါင်း ကာကွယ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လှုံ့ဆော်စာများဝေငှနေမှုအား ခရိုင်အစိုးရမှ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် ဖော်ထုတ်အရေးယူပေးရန်၊ ယခုစာသည် လှုံ့ဆော်စာများသာဖြစ်ကြောင်းကို ကျောက်ဆည်ခရိုင်တစ်ခုလုံးတွင် သတင်းအမှန်ဖြန့်ဝေပေးရန်'တို့ကို သြ၀ါဒတွင် ထည့်သွင်းမြွက်ကြားခဲ့ကြောင်းသိရသည်။

ကောလဟလ လှုံ့ဆော်စာနဲ့ပတ်သက်ပြီး 'ယခုဖြန့်ဝေနေသည့်စာများသည် မဟုတ်မမှန်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပါမည်အကြောင်း၊ ကျောက်ဆည်မြို့သည် အေးချမ်းသာယာမှုရှိခဲ့သည့်အတွက် ယခုလိုဖြစ်ပေါ်လာသည်များကို ထိရောက်စွာ အရေးယူမည့်အကြောင်း'များအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆရာတော်တွေကို အဓိက လျှောက်ထားကြောင်းလည်းသိရသည်။

"ဒုတိယအကြိမ်ဂျဟာဒ်လုပ်မယ်ဆိုတဲ့ စာက ဒုတိယအကြိမ် ထပ်မံလှုံ့ဆော်တာပါ။ ပထမအကြိမ်ကလည်း ဒီစာဟာ လုပ်ကြံစာဖြစ်ကြောင်း ရှင်းလင်းပြီးပါပြီ။ အခု အစီအစဉ်က မထင်မှတ်ပဲ လုပ်ဖြစ်သွားတာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးက စီစဉ်လိုက်တာပါ။ ပထမကတော့ ဆရာတော်တွေကို ဒီအတိုင်း လျှောက်တင်ဖို့ပါ။ စာရဲ့ လက်မှတ်ထိုးနေရာမှာ နာမည်ပါတဲ့ ဦးအောင်စိုးလည်းပါပါတယ်။ အေးအေးချမ်းချမ်းလေး ပြီးစီးသွားခဲ့ပါတယ်"လို့ သြ၀ါဒခံယူပွဲတွင်ပါဝင်သူတစ်ဦးမှ ပြောပြပါတယ်။

ယခုကဲ့သို့ သြ၀ါဒ ခံယူပွဲ ပြုလုပ်ရခြင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက “ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း” ဟူသော ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရန် ရည်ရွယ်သည့် ကြေညာချက် အတု သတင်း သစ်ထူးလွင်ဆိုဒ် ဖြန့်ချီခဲ့ပြီးနောက် ယင်းကြေညာချက်သည် လုပ်ကြံထားမှုဖြစ်ကြောင်းကို သိရှိသည့် ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ကျောက်ဆည်မြို့နယ်တွင် ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

M-Media , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment