Pages

Thursday, February 21, 2013

မေးခွန်းထုတ်စရာဖြစ်လာသော အီလက်ထရွန်နစ်ဥပဒေ

ရေးသားသူ- ယုဇနကိုကို၊အောင်ခိုင်၊ထွန်းခိုင်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလလယ်ပိုင်းတွင် မြန်မာ့မီဒီယာနှင့် ကွန်ပျူတာလောကတွင် အတန်ငယ် စိတ်ရှုပ်ထွေးစရာ ကောင်းသော အဖြစ်အပျက်များကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူသိအများဆုံးသတင်းဌာနများအနက် တစ်ခု
ဖြစ်သော Eleven Media Group ၏ အင်တာနက် စာမျက်နှာသည် Red-Army Team ဟု အမည်ပေးထားသော ဟက်ကာအဖွဲ့၏ ၀င်ရောက်နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် သီတင်းသုံးပတ်ခန့်အကြာ ဖေဖော်ဝါရီ ၄ ရက်
တွင် မြန်မာနိုင်ငံ၏ နောက်ထပ်လူသိများသည့် သတင်းမီဒီယာတစ်ခုဖြစ်သော The Voice Weekly ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာသည်လည်း Anonymous Myanmar အမည်ခံထားသော ဟက်ကာအဖွဲ့၏ တိုက်ခိုက်ထိန်းချုပ်ခြင်းကို ခံခဲ့
ရသည်။

အမည်မသိသူများ၏ တိုက်ခိုက်မှုသည် ထိုမျှနှင့်မရပ်သေး။ နောက်တစ်ရက်ဖြစ်သော ဖေဖော်ဝါရီ ၅ ရက်တွင် သူတို့၏ တိုက်ခိုက်မှုကို နေပြည်တော်ဆီသို့ ဦးတည်လိုက်ကြပြန်သည်။ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာဟု ပြဋ္ဌာန်းထားသော နိုင်ငံတော် သမ္မတ၏ သတင်းမှတ်တမ်း အများစု ထုတ်ပြန်ရာ သမ္မတရုံးအင်တာနက် စာမျက်နှာသည်ပင်လျှင် ၎င်းတို့၏ သားကောင် ဖြစ်သွားခဲ့ရရှာသည်။

မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျမပြောဆိုသော ၎င်းတို့၏ နောက်ထပ်ပစ်မှတ်မှာ မည်သူဖြစ်မည်လဲ။ ဘာကြောင့် နာမည်ကျော် သတင်းဌာနများနှင့် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးသော ပုဂ္ဂိုလ်ကို ပစ်မှတ်ထားခဲ့သလဲ။ သူတို့၏ နောက်ကွယ်တွင် မည်သူက ထောက်ပံ့ကာ အစီအစဉ်ရှိရှိ လုပ်ဆောင်နေသလဲ အစရှိသဖြင့် မြန်မာ့အင်တာနက် သုံးစွဲသူများအကြား မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာသော်လည်း အဖြေက ခုချိန်အထိ တိတိကျကျ ထွက်ပေါ်မလာသေးပါ။

သို့သော် ယင်းအဖြစ်အပျက်များသည် ပွင့်လင်းစမြန်မာ့လူ့ဘောင်၏ အင်တာနက်လုံခြုံရေးအတွက် အချက်ပေးခေါင်း လောင်းဖြစ်ပြီး အစိုးရနှင့်ပါဝင်ပတ်သက်သူများ အားလုံးအနေဖြင့် အနာဂတ်တွင် ယင်းပြဿနာများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို လေးလေးနက်နက် သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

မည်သည့် အကျိုးအမြတ်ကြောင့် သတင်းဌာနများနှင့် နိုင်ငံအတွက် အရေးပါသော ဌာနများ၏ အင်တာနက်စာမျက်နှာများကို တိုက်ခိုက်သူများက ပစ်မှတ်ထားသည်ကို တိတိကျကျပြောဆိုရန် ခက်ခဲလှသော်လည်း ယင်းတိုက်ခိုက်မှုများမှာ နိုင်ငံရေးနှင့် ဆက်နွှယ်မှုများရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

မြန်မာသတင်းဌာနတွေ ဘယ်အချိန်ကတည်းက တိုက်ခိုက်သူများရဲ့ ပစ်မှတ်ဖြစ်ခဲ့လဲ မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေသော သတင်းဌာနကို ပစ်မှတ်ထားပြီး နှောင့်ယှက်တိုက်ခိုက်မှုသည် 7Day News ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနှင့်အတူ စတင်ခဲ့ပြီး ယင်းနောက်တွင် ခပ်စိပ်စိပ်ဖြင့် နှစ်စဉ်လိုလို ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်က ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများဖြစ်သော မဇ္ဈိမ၊ ဧရာဝတီ၊ ဒီဗွီဘီ စသည့် သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများသည် ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

အလားတူ ၂၀၁၀ ပြည့်နှစ်အတွင်း ခရိုနီဟုခေါင်းစဉ်တပ်ကာ တိုက်ခိုက်ခံခဲ့ရသည့် ၀က်ဘ်ဆိုက်များလည်းရှိပြီး ဟက်ကာအဖွဲ့တစ်ခုက ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ၀က်ဘ်ဆိုက်စာရင်းကိုထုတ်ပြန်ရာတွင် ၀က်ဘ်ဆိုက်ပေါင်း ရာနှင့်ချီရှိခဲ့သည်။

အဆိုပါ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရမှုများသည် ပြည်တွင်းတွင် သတင်းအဖြစ်အပျက် ကြီးကြီးမားမား ဖြစ်ပွားနေချိန်များနှင့် တိုက်ဆိုင်လေ့ရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီး ကာလများနှင့် ၂၀၁၀ ရွေးကောက်ပွဲနီး ကာလများတွင်လည်း တိုက်ခိုက်ခံခဲ့ရကြောင်း ယင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းတိုက်ခိုက်မှုများသည် ယခုနှစ် အစောပိုင်းမှစတင်ပြီး ပြည်တွင်းအခြေစိုက် သတင်းဌာနများဆီသို့ ဦးတည်လာခဲ့သည်။

ဘယ်သူတွေက ဘာကြောင့်တိုက်ခိုက်မှုတွေ လုပ်ကြတာလဲ
သတင်းဌာနများကို တိုက်ခိုက်မှုမှာ ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောက၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို တစ်ဖက်လှည့်ဖြင့် ခြိမ်းခြောက်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ မြန်မာသတင်းသမားများက သုံးသပ်ကြသလို လူထုအကြား မီဒီယာအပေါ် ယုံကြည်မှုများ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိကြသည်။

The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက အဆိုပါ တိုက်ခိုက်မှုများသည် အဖွဲ့အစည်းတစ်ခုခုမှ စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်သူများ၏ လက်ချက်ဖြစ်နိုင်ကြောင်း မှတ်ချက်ချခဲ့သည်။ ယင်းလုပ်ရပ်များသည် အသွင်ကူးပြောင်းရေးကာလအတွင်း အထိနာခဲ့သူများ၏ စနက်လည်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

“အကူးအပြောင်းကာလမှာ အလွဲသုံးစားမှုတွေ မီဒီယာကြောင့်ပေါ်လာတယ်။ မီဒီယာရဲ့ ပွင့်လင်းလာမှုကို မလိုလားသူတွေက ချဲ့ကားအပုပ်ချတာတွေရှိတယ်” ဟု The Voice Weekly ၏ အယ်ဒီတာချုပ်က ဆိုသည်။

၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှ စတင်ပြီး အနည်းဆုံးလေးကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခံခဲ့ရသော ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းဌာနတစ်ခုဖြစ်သော ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ အယ်ဒီတာ ဦးရဲနည်က သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများကို ဦးတည်တိုက်ခိုက်ခြင်းသည် အဆိုပါသတင်းဌာနများ၏ သတင်းတင်ပြချက်များနှင့် မူဝါဒများကို မကြိုက်သည့်သူများက တိုက်ခိုက်ခြင်းများဖြစ်နိုင်သလို ပြိုင်ဘက်စီးပွားရေးသမားများက နှောင့်ယှက်တိုက်ခိုက်ခြင်းများလည်း ဖြစ်နိုင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောသည်။

၎င်းတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအရဆိုလျှင် နှောင့်ယှက်တိုက်ခိုက်သူများသည် Professional အဆင့် ကျွမ်းကျင်သူများ၏ လက်ချက်ဟု ယူဆကြောင်း ဧရာဝတီသတင်းဌာနမှ ဦးရဲနည်က ပြောသည်။

“ကျွန်တော်တို့ကို တိုက်ခိုက်တာက Professional တွေလို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ပမာဏအရမ်းကြီးတယ်။ DDos   နဲ့ တိုက်ခိုက်တာ 2GB ကနေ 4GB အထိ တိုက်ခိုက်ခံရဖူးတယ်။ အဲဒါက ကွန်ပျူတာအလုံးရေ သန်းပေါင်းများစွာနဲ့ဖြစ်တာ။ အဲဒါကြောင့် တစ်ယောက်တည်းလုပ်တာ မဟုတ်တော့ဘူး။ အနည်းဆုံး အဖွဲ့လိုက် လုပ်တယ်လို့ ယူဆတယ်။ အဲဒီလို လုပ်နိုင်တာက တကယ့် Professional တွေဗျ” ဟု ၎င်းက ဆိုသည်။

ပြဿနာများ၏ နောက်ကွယ်တွင် အစိုးရ (သို့မဟုတ်) အစိုးရနှင့် နီးကပ်သော အဖွဲ့အစည်းတစ်ခုခု၏စနက် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။ ခေတ်မီနည်းပညာ မဆိုထားနှင့်၊ အခြေခံပညာ မူလတန်းကိုပင် ဆုံးခန်းတိုင်အောင် တက်ရောက်နိုင်သူ တစ်နေ့တခြား နည်းပါးလာပြီး တိုင်းပြည်လူဦးရေ၏ မဆိုသလောက် ပမာဏသာ အင်တာနက်ကို သုံးစွဲနိုင်သော မြန်မာနိုင်ငံတွင် ယခုကဲ့သို့သော အဆင့်မြင့်နည်းပညာ သုံးစွဲတိုက်ခိုက်သူမှာ လက်ချိုးရေတွက်နိုင်သော ပမာဏသာရှိကြောင်း နည်းပညာ ကျွမ်းကျင်သူများကဆိုသည်။

တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အစိုးရရှိနေသည်ဆိုသည့် သုံးသပ်ချက်များကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပယ်ချလိုက်သည်။  “ယခုအဖြစ်အပျက်သည် နိုင်ငံတော်အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း” ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဥပဒေကြောင်းက တိုက်ခိုက်ခံရသူတွေကို ဘယ်လိုအကာအကွယ်ပေးထားလဲ
၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွင် “မူလပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရဘဲ ကွန်ပျူတာကွန်ရက်အတွင်း ဆက်သွယ်မှုတစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှုတစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း (သို့မဟုတ်) အခြားသူတစ်ဦးဦးကို ထုတ်ဖော်ခြင်း” ကို ကျူးလွန်ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၅)နှစ်အထိ ကျခံရနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါဥပဒေသည် ကွန်ရက်များကို နှောင့်ယှက်သူများအား ရုံးတော်သို့ ခေါ်ဆောင်လာနိုင်ခြင်းထက် အတိတ်ကာလတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား ကာလရှည်ကြာ အကျဉ်းချခဲ့သည်ဟု နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားခဲ့သည်။

“ဒီဥပဒေက အရင်န၀တက သူ့ရဲ့လမ်းစဉ်ကို အကာအကွယ်ပေးဖို့ လုပ်ထားတာ” ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က မှတ်ချက်ပြုသည်။

“အီးမေးလ်တစ်စောင်ကို တစ်ခါသုံးရင်(၁၅)နှစ်၊ ကမ္ဘာမှာ ဒီလောက်ပြင်းထန်တဲ့ဥပဒေမရှိဘူး။ ခေတ်မမီတော့ဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောသည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား သံတိုင်နောက်ပို့ခဲ့သည့် အဆိုပါ ဥပဒေသည် လက်ရှိအချိန်တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင်ရှိသည့် သမ္မတရုံးအင်တာနက်စာမျက်နှာကို နှောင့်ယှက်သူများအား
ရုံးတော်ရှေ့မှောက်သို့ မပို့ဆောင်နိုင်သေးချေ။

“ဒီဥပဒေက တကယ်တမ်းတော့ လူရယ်ချင်စရာ ဟာသတစ်ခုလို ဖြစ်နေတယ်။ အစိုးရက သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အချိန်မှာတောင် ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး” ဟု ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူကပြောသည်။
အချိန်မီမတားဆီးနိုင်ရင် ဘာဖြစ် လာနိုင်လဲ

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ တစ်သိန်းတစ်သောင်းခန့်ရှိကြောင်း အမေရိကန် အခြေစိုက် နည်းပညာသတင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Science Daily က ခန့်မှန်းထားပြီး ပြည်တွင်းပညာရှင်များက ငါးသိန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ အင်တာနက်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် မဟုတ်သေးဘဲ တိုင်းပြည်လူဦးရေ၏ မဆိုသလောက် ပမာဏကို တိုက်ရိုက်အကျိုးပြုနေသောကြောင့်သာ ယခုတိုက်ခိုက်မှုတွင် သိသာသော
ပြဿနာကြီးကြီးမားမား မဖြစ်ခဲ့ခြင်းဖြစ်ကြောင်း နည်းပညာဆိုင်ရာပညာရှင်များက ဆိုသည်။

သို့သော် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေနှင့်အတူ နှစ်ပေါင်းများစွာ တံခါးပိတ်စနစ် ကျင့်သုံးလာသော မြန်မာနိုင်ငံ၏ အနာဂတ်တွင် ကမ္ဘာနှင့် ဆက်သွယ်ရန်မှာ အင်တာနက်သည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်မည်ဟု ၎င်းတို့ကဆိုသည်။ အနာဂတ်တွင် အွန်လိုင်းစနစ်သုံးမည့် အစိုးရအုပ်ချုပ်ရေး ယန္တရားလည်ပတ်ခြင်း၊ ငွေသွင်းငွေထုတ်မှအစ နိုင်ငံတကာနှင့် ဆက်သွယ်မည့် စနစ်များအတွက် လုံခြုံရေးစိတ်ချရန်မှာ နံပါတ်တစ်အရေးကြီးလာမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပွင့်လင်းစမြန်မာနိုင်ငံ၏ မီဒီယာလောကနှင့် အစိုးရသတင်းထုတ်ပြန်ရာ စာမျက်နှာများအပါအ၀င် တိုင်းပြည်အတွက် အရေးကြီးသည့် အင်တာနက်လုံခြုံရေးအား ခြိမ်းခြောက်နေသူများကို ရုံးတော်ရှေ့သို့ ပို့ဆောင်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ၎င်းတို့မည်သူ မည်ဝါဆိုသည်ကိုပင် ထုတ်ဖော်နိုင်ခြင်းမရှိသေးပါ။

The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေကတော့ “ဆာဗာနောက် လိုက်ရင်တော့ သိနိုင်တယ်” ဟု ဆိုသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလလယ်ပိုင်းတွင် မြန်မာ့မီဒီယာနှင့် ကွန်ပျူတာလောကတွင် အတန်ငယ် စိတ်ရှုပ်ထွေး
စရာ ကောင်းသော အဖြစ်အပျက်များကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူသိအများဆုံး
သတင်းဌာနများအနက် တစ်ခုဖြစ်သော Eleven Media Group ၏ အင်တာနက် စာမျက်နှာသည် Red-Army Team ဟု အမည်ပေးထားသော ဟက်ကာအဖွဲ့၏ ၀င်ရောက်နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။
ထို့နောက် သီတင်းသုံးပတ်ခန့်အကြာ ဖေဖော်ဝါရီ ၄ ရက် တွင် မြန်မာနိုင်ငံ၏ နောက်ထပ်လူသိများသည့် သတင်းမီဒီယာတစ်ခုဖြစ်သော The Voice Weekly ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာသည်လည်း Anonymous Myanmar အမည်ခံထားသော ဟက်ကာအဖွဲ့၏ တိုက်ခိုက်ထိန်းချုပ်ခြင်းကို ခံခဲ့ ရသည်။

 RND: 21.2.2013
 7Day News Journal
 
0 comments:

Post a Comment