Pages

Thursday, February 21, 2013

နိုင်ငံတကာ SMS အ၀င်အထွက်မရသော အထီးကျန်မြန်မာနိုင်ငံ

မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူတိုင်း SMS နဲ့ ရင်းနှီးကြသည်။ အများအားဖြင့်တော့ SMS လို့ မခေါ်ကြတော့ဘဲ Message ပို့ကြသည်ဟု ပြောဆိုသုံးနှုန်းကြသည်။ ဖုန်းပြောတာက တစ်မိနစ် ၅၀ကျပ်၊ မက်ဆေ့ပို့တာက တစ်စောင် ၂၅ ကျပ်ဆိုတော့ ပြောစရာထွေထွေထူးထူး မရှိလျှင် မက်ဆေ့ပို့ပြီးတော့ပဲ ဆက်သွယ်ကြသည်။

သို့သော် မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဖုန်းများသည် နိုင်ငံအတွင်းရှိ မိုဘိုင်းလ်ဖုန်းအချင်းချင်းသာ Message ပို့နိုင်ပြီး နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများသို့ Message ပို့နိုင်ခြင်း မရှိပေ။ ထိုထက်ဆိုးသည်ကား နိုင်ငံတကာမှ အ၀င် Message ကိုပါ လက်ခံ၍ မရခြင်းပေ။

ယခုနောက်ပိုင်း Facebook အကောင့်တွေလုပ်လျှင် တခါတလေ ဖုန်းနံပါတ်တောင်းပြီး အတည်ပြု ချက်ယူသည်။ ကိုယ်ကဖုန်းနံပါတ်ထည့်ပေးလိုက်လျှင် ထိုဖုန်းနံပါတ်ကို Message ပို့ပြီး Code လှမ်းပို့ပေးသည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးမှ ချပေးထားသော မိုဘိုင်းလ်ဖုန်းများသည် နိုင်ငံတကာ SMS အ၀င်ကို ပိတ်ထားသောကြောင့် Facebook မှာ Code နံပါတ် လှမ်းပို့ပေးနိုင်ခြင်း မရှိတော့ပေ။ ထိုကြောင့် Facebook ကို ယခုမှ စတင်သုံးစွဲမည့်သူများ အတွက် များစွာအခက်အခဲ ဖြစ်ကြရသည်။

ထိုင်းနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီ Truemove မှ ရောင်းချသော မိုဘိုင်းလ်ဖုန်းများသည် နိုင်ငံတကာသို့ SMS ပေးပို့နိုင်၊ နိုင်ငံတကာမှ ပေးပို့သော SMS များကို လက်ခံနိုင်ပြီး Message တစ်စောင်ပေးပို့ခြင်းအတွက် ကုန်ကျငွေမှာ ၉ ဘတ်သာ ရှိသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ မိုဘိုင်းလ်ဖုန်းကိုင်ဆောင်သူများသည် ၉ ဘတ်ခန့် ကုန်ကျရုံမျှဖြင့် နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများသို့ Message အလွယ်တကူ ပေးပို့နိုင်ကြသည်။ အင်တာနက်ပင် မလိုတော့ပေ။ အဆိုပါ Truemove ကုမ္ပဏီသည် နိုင်ငံပေါင်း ၂၀၀ ကျော်သို့ SMS ပို့နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ Beeline ဆက်သွယ်ရေးဝန်ဆောင်မှုသည်လည်း နိုင်ငံတကာသို့ SMS အ၀င်အထွက်ဝန်ဆောင်မှု ပေးထားပြီး Oversea SMS တစ်စောင်အတွက် ၁၀ ဆင့်သာ ကုန်ကျသည်။ စင်ကာပူနိုင်ငံရှိ StarHub ဆက်သွယ်ရေးကုမ္ပဏီကမူ နိုင်ငံတကာ SMS တစ်စောင်အတွက် ၁၅ ဆင့်နှုန်း ကောက်ခံသည်။

ယခင်အစိုးရလက်ထက်က သတင်းအချက်အလက် ပြန့်ပွားမှုနှုန်း ထိန်းချုပ်ရေးအတွက် ပိတ်ပင်ထားခဲ့ဟန်တူသော နိုင်ငံတကာ SMS စနစ်ကို ဒီမိုကရေစီ စနစ်ကျင့်သုံးလာပြီဖြစ်သော ယခုအစိုးရသစ်လက်ထက်တွင်မူ ထိုပိတ်ပင်ထားခြင်းအား ဖြေလျှော့သင့်ပြီဟု မြင်မိသည်။ SMS ပေးပို့ခြင်းထက် နိုင်ငံတကာမှ ပေးပို့သော SMS များကို လက်ခံ၍ မရခြင်းသည် အွန်လိုင်းဖြင့် အလုပ်လုပ်သူများအတွက် များစွာ အခက်အခဲဖြစ်ရသည်။ အထူးသဖြင့် Gmail, Facebook အစရှိသည် အကောင့်များ ဖွင့်မရခြင်းနှင့် အခြားပြဿနာများစွာ ကြုံတွေနေကြရသည်။

မကြာခင် အတည်ပြုတော့မည် ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေး အော်ပရေတာများသည် မြန်မာ့ဆက်သွယ်ရေး၏ နိုင်ငံတကာ ပင်မထွက်ပေါက်ကို သာ သုံးစွဲရမည်ဟု ပြဌာန်းထားသောကြောင့် နောက်ထပ် အော်ပရေတာများ လုပ်ကိုင်ခွင့် ရရှိချိန်တွင်လည်း ဤ နိုင်ငံတကာ SMS ပေးပို့မရခြင်း၊ လက်ခံမရခြင်းသည် ပြေလည်လာမည် ကိစ္စရပ်တစ်ခု မဟုတ်ပေ။

မြန်မာ့ဆက်သွယ်ရေး၏ နိုင်ငံတကာ ပင်မထွက်ပေါက်၏ ပိတ်ပင်ထားသောကြောင့် မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်ပေးမှသာ နိုင်ငံတကာ SMS အ၀င်အထွက်များ ရရှိလာမည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

 RND: 20.2.2013
Credit by: Zaw Thurein Tun

0 comments:

Post a Comment