Pages

Friday, June 20, 2014

ကမ္ဘာ့ဖလားမှာ စပိန်အသင်း ပေးဆပ်မှု ကြီးသွားစေတဲ့ အဓိက အမှား(၅)ခု


RangonNewsDaily:: June . 20 .2014
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းကြောင်း တစ်လျှောက်မှာ အုပ်စုအဆင့်နဲ့တင် ကျေနပ်ပြီး အိမ်ပြန်စောခဲ့ရတဲ့ ပဉ္စမမြောက် လက်ရှိချန်ပီယံအဖြစ် စပိန်အသင်းက မှတ်တမ်းဝင်လာခဲ့ပါပြီ။ ရီယိုဒီဂျနေးရိုးမြို့က မာရာကာနာ ကွင်းကြီးမှာ ချီလီကို (၂-၀)နဲ့ အရေးနိမ့်ခဲ့တဲ့နောက် ချန်ပီယံတို့ နောက်တစ်ဆင့်တက်ဖို့ ဘယ်လိုမှ ဆေးမမီတော့ပါဘူး။
ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် လက်တွေ့မှာတော့ ပြိုင်ပွဲကနေ အစောဆုံး ထွက်ခဲ့ရတဲ့ စပိန်တို့ ဘရာဇီးမြေမှာ ဘာတွေမှားယွင်းခဲ့သလဲ ဆိုတာကို AFP သတင်းဌာနရဲ့ အားကစားရေးရာ လေ့လာသူတွေက အချက်(၅)ချက် ထုတ်နုတ် သုံးသပ်ပြခဲ့ပါတယ်။

လူဟောင်းများကို ဖက်တွယ်လွန်းခြင်း

ပွဲဦးထွက်မှာ နယ်သာလန်ကို (၅-၁)နဲ့ ရှုံးခဲ့ပြီးတဲ့နောက်မှာ နည်းပြ ဗင်းဆင့်ဒယ်လ်ဘော့စကေး အနေနဲ့ အပြောင်းအလဲတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ ဖိအားတွေ ရှိလာပါတယ်။ ချီလီနဲ့ပွဲမှာ ဇာဗီနဲ့ ပီကေးတို့ကို ပွဲထွက်လူစာရင်းက ချန်လှပ်ပြီး ပက်ဒရို ရိုဒရီဂွတ်ဇ်နဲ့ ဂျာဗီမာတီနက်ဇ်တို့ကို အစားထိုးဖို့ နည်းပြကြီးက ဆုံးဖြတ်ခဲ့တယ်။

ဒါပေမဲ့ တကယ်တမ်းမှာတော့ စပိန်အသင်းရဲ့ လူစာရင်း တစ်ရပ်လုံးကို သွေးသစ်လောင်းသင့်တဲ့ အချိန်မျိုး ရောက်လာခဲ့ပါပြီ။ ဥပမာ ပြောရရင် အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လို အားအင်ပြည့်ဝပြီး စိတ်ဇောထက်သန် တက်ကြွနေတဲ့ လူငယ်လေးတွေကို အသုံးပြုသင့်တာပါ။ ကိုကီကို ကွင်းထဲထည့်လိုက်ချိန်ကတော့ အရမ်းနောက်ကျနေပြီ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဂိုးသမား ကားဆီးလက်စ်ကို ဆက်ပြီး ယုံကြည်ပေးခဲ့တယ် ဆိုတာက အမှားတစ်ရပ်မှန်း ထင်ရှားသွားခဲ့ပါတယ်။ အတိတ်အချိန် တချို့မှာတော့ စပိန်ရဲ့ အသင်းခေါင်းဆောင်ဟာ တောက်ပ မော်ကြွားခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့သူဟာ ပြီးခဲ့တဲ့ ရာသီမှာ ရီးယဲလ်မက်ဒရစ်အတွက် ပုံမှန်ကစားခွင့် မရခဲ့ပါဘူး။ တကယ်ဆိုရင် ဘာစီလိုနာ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား လူစာရင်းမှာ မပါဝင်နိုင်ခဲ့တာတောင် ဒယ်လ်ဘော့စကေးအတွက် ဂိုးသမားနေရာ ရွေးချယ်ဖို့ တောင့်တင်းတဲ့ အရန်အင်အား ရှိနေပြီးသားပါ။

နောက်တန်းအားနည်းခြင်း

သူ့ကို လက်ညှိုးထိုး အပြစ်တင်ကြမယ်ဆိုရင် အဲဒီလက်ညှိုးကို ကားဆီးလက်စ်က သူ့ရှေ့က ခံစစ်မှူးတွေဆီ လှည့်ပေးပါလိမ့်မယ်။ အဲဒီခံစစ်သမားတွေလည်း ဝေဖန်ပြစ်တင်မှုတွေ ခံယူထိုက်တယ်လို့ သူက ပြောမှာပါ။ စပိန်ဟာ (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလားနဲ့ (၂၀၀၈)၊ (၂၀၁၂) ဥရောပဖလား ပြိုင်ပွဲတွေမှာ ပထမတန်းစားအဆင့် ခံစစ်စုဖွဲ့မှုကို အခြေခံ တည်ဆောက်ပြီး အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ပူယိုးလ်ရဲ့ လွှမ်းမိုးမှု အရှိန်အဝါကို လက်လွှတ်ခဲ့ရပါပြီ။ ရာမို့စ်ကို ပီကေးနဲ့ တွဲပေးထားတဲ့ နောက်ခံအတွဲအစပ်ဟာ အရင်ကတော့ အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဆင်မပြေတော့ဘူး။ ချီလီနဲ့ပွဲမှာ မာတီနက်ဇ်ကလည်း သူ့ရဲ့တန်ဖိုး အစစ်အမှန်ကို သက်သေမပြနိုင်ခဲ့ပြန်ဘူး။ နယ်သာလန်၊ ချီလီတို့နဲ့ ရင်ဆိုင်တဲ့ နှစ်ပွဲလုံးမှာ ပြိုင်ဘက်တွေက စပိန်ကို သမားရိုးကျ မဟုတ်တဲ့ နည်းဗျူဟာတွေနဲ့ ခင်းကျင်း ရင်ဆိုင်သွားပါတယ်။ အဲဒီတော့ စပိန်နောက်တန်းက နှစ်ပွဲမှာ ခုနစ်ဂိုး ခွင့်ပြုပေးလိုက်ရတယ်။

ဒီယေဂိုကော်စတာကို ရွေးချယ်ခြင်း

ဒယ်လ်ဘော့စကေးဟာ ဘရာဇီးတိုက်စစ်မှူး ဒီယေဂို ကော်စတာကို သူ့ရဲ့မွေးစားနိုင်ငံ စပိန်အတွက် ကိုယ်စားပြု ပါဝင်ပေးဖို့ အင်တိုက်အားတိုက် ကြိုးစားခဲ့ရတာပါ။ အဲဒီနောက်မှာတော့ အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်သမားကို မဖြစ်မနေ ပွဲထွက်ခွင့် ပေးရပါတော့တယ်။

ဒါပေမဲ့ စပိန်အသင်းဟာ သူတို့မျှော်လင့်တကြီး အားဖြည့်ပေါင်းစပ်ထားတဲ့ တိုက်စစ်မှူးကို သူတို့အသင်းရဲ့ ကစားကွက်နဲ့ အံဝင်လာအောင် လုံလုံလောက်လောက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ တကယ်တော့ ကော်စတာဟာ နေရာလွတ်တွေထဲ ဘောလုံးခင်းပေးတာမျိုးကို ချောင်းကစားတတ်တဲ့သူပါ။ ချီလီနဲ့ ပွဲမှာတော့ သူဟာ ပြိုင်ဘက်ခံစစ်သမား သုံးယောက်ကြားမှာ ယောင်လည်လည် ဖြစ်နေပြီး စပိန်ကစားကွက်နဲ့ သူစိမ်းဆန်လွန်းနေပါတယ်။

ဒါ့အပြင် ဘရာဇီး ပရိသတ်တွေကလည်း သူတို့ရဲ့ လက်ရွေးစင် အသင်းကို စွန့်ခွာခဲ့တဲ့ ကစားသမားကို ဆယ်လ်ဗာဒိုမှာရော၊ ရီယိုဒီဂျနေးရိုးမှာပါ အသံကုန် အော်ဟစ် လှောင်ပြောင်နေတာကြောင့် ကော်စတာတစ်ယောက် တော်တော်လေး အနေကျပ်နေပုံ ရပါတယ်။

အခြေအနေနဲ့ အလိုက်အထိုက် မပြောင်းလဲနိုင်ခြင်း

ယေဘုယျ အခြေအနေအရ ကြည့်ရင်တော့ စပိန်ဟာ ဘောလုံးကိုင်ကစားလွန်းတဲ့ နည်းစနစ်ကို ယုံကြည်မှီခိုလွန်းတာဟာ ပြစ်ချက်တစ်ခု ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲကြီးတွေတုန်းကတော့ ဒီစနစ်က အင်မတန် အလုပ်ဖြစ်ခဲ့တာ အမှန်ပါပဲ။ စပိန်သားတွေရဲ့ ကစားဟန်ဟာ ဘာစီလိုနာရဲ့ ဘောလုံးဒဿနကို အခြေခံပါတယ်။ ဘောလုံးဖြန့်ဝေမှုကို အဓိက အားပြုတဲ့ နည်းစနစ်ဟာ ဘာစီလိုနာနည်းပြ ပက်ဂွာဒီယိုလာရဲ့ လက်အောက်မှာ အရမ်းအောင်မြင်ခဲ့တယ်။

ဒါပေမဲ့ မကြာသေးခင် အချိန်ပိုင်းတွေမှာ ဘာစီလိုနာ အနေနဲ့ ရလဒ်ပိုင်း ကျဆင်းမှုတွေ ရှိလာတယ်။ ဂွာဒီယိုလာ ပြောင်းရွှေ့ ကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူးနစ်ကလည်း ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှာ မြန်နှုန်းနဲ့ တိုးအားကို လက်နက်အဖြစ် အသုံးချသွားတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ အတွေ့မှာတော့ စုတ်ပြတ်သွားပြန်ပါတယ်။ အဓိပ္ပါယ်ကတော့ နာမည်ကျော် Tiki-Taka ကစားဟန်ဟာ ဒီနေ့ဒီအချိန်မှာတော့ ဆုတ်ယုတ်စ ပြုလာပြီ ဆိုတာပါပဲ။

ချီလီနဲ့ စပိန်တို့ ကစားတဲ့ ပွဲစဉ်မှာ တောင်အမေရိက အသင်းရဲ့ မြန်နှုန်းအားပြု ဖိအားပေးပုံတွေက စပိန်ကို တည်ငြိမ်မှု ပျက်သွားစေတယ်။ စပိန်ရဲ့ ပိုင်ပိုင်နိုင်နိုင် ဘောလုံးပေးပို့မှုတွေမှာတောင် လွဲချော်မှုတွေ ရှိလာတယ်။ အတိတ်တုန်းက စပိန်အသင်း အားအသန်ဆုံး ဖြစ်ခဲ့တဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထားနိုင်ဖို့တောင် အဟန့်အတားတွေ ကြုံခဲ့ရပါတယ်။

တောင်အမေရိကမှာ ကစားရခြင်း

အမေရိကဒေသမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ရပ်မှာ ဥရောပ အသင်းတစ်သင်း အောင်မြင်မှု ရှာဖွေဖို
့ဆိုတာ အမြဲတမ်း ခက်ခဲပြင်းထန်တဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေကျပါ။ ပြောရရင် အမေရိကဒေသမှာ ဥရောပက တစ်
သင်းသင်း ဗိုလ်စွဲတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက စပိန်ရဲ့ နိဂုံးဇာတ်လမ်းဟာ ပုံရိပ်ပေါ်လွင်စ ပြုခဲ့ပြီးသားပါ။ ကွန်ဖက်ဒရေးရှင်း

ဖလား ဗိုလ်လုပွဲကို ဘရာဇီးမြေမှာ ကစားခဲ့ပြီး အိမ်ရှင်အသင်းကို (၃-၀)နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီကတည်းက ဖြစ်တည်နေတဲ့ ကျဆင်းမှုတွေက ခုထိ တည်မြဲနေဆဲ ဖြစ်ပါတယ်။

တောင်အမေရိက နိုင်ငံတွေက ဘောလုံးပရိသတ်တွေက ကမ္ဘာ့ဖလားမှာ ကိုယ့်ဒေသကို ကိုယ်စားပြုတဲ့ အသင်းတိုင်းကို အူလှိုက်သည်းလှိုက် အားပေးတတ်ကြပါတယ်။ နယ်သာလန်ကို (၅-၁)နဲ့ ရှုံးထားတဲ့နောက် စပိန်ဟာ ချီလီနဲ့ပွဲမှာ ရလဒ်ကောင်းတစ်ခု လိုအပ်နေပါပြီ။


 ဒါပေမဲ့ မာရာကာနာ ကွင်းကြီးထဲမှာ စိတ်ဓာတ်အပြည့် အော်ဟစ်အားပေးနေတဲ့ ပရိသတ် အများစုကတော့ နည်းပြ ဂျော့ဂ်ျဆမ်ပိုလီရဲ့ ချီလီအသင်းဘက်က ရပ်တည်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ချီလီဟာ အိမ်ရှင်အသင်းလို ခံစားချက်မျိုးနဲ့ စပိန်ကို ရင်ဆိုင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment