Pages

Friday, June 20, 2014

သမ္မတအကြံပေးအဖွဲ့ သုံးခု တိုးချဲ့ဖွဲ့စည်းပြီး သာသနာရေးအကြံပေးပုဂ္ဂိုလ်နှစ်ဦးအပါအ၀င် ပုဂ္ဂိုလ်ခြောက်ဦးအား သမ္မတအကြံပေးအဖွဲ့ဝင်များအဖြစ် ခန့်အပ်

RangonNewsDaily:: June . 20 .2014
နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ သုံးခုကို တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး သာသနာရေးအကြံပေးပုဂ္ဂိုလ် နှစ်ဦးအပါအဝင် ပုဂ္ဂိုလ်ခြောက်ဦးအား နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ဝင်များအဖြစ် ခန့်အပ်ခြင်း ပြုလုပ်ခဲ့ကြောင်း ဇွန် ၁၉ ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသော ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၄ဝ/၂ဝ၁၄ အရ သိရသည်။
နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များအဖြစ် သာသနာရေးအကြံပေးအဖွဲ့၊ ကျန်းမာရေးအကြံပေးအဖွဲ့၊ ပညာရေး
အကြံပေးအဖွဲ့တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ သာသနာရေးဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး သူရဦးမြင့်မောင်ကို သာသ
နာရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီ
ဆက်ဖ်)မှ အငြိမ်းစားဝန်ထမ်း ဒေါက်တာရင်ရင်နွယ်အား ပညာရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်
တာဝန်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ဝင်များအဖြစ် အငြိမ်းစားသံအမတ်ကြီးဟောင်း ဦးစိန်ဝင်းအောင်အား သာသနာရေးအကြံပေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာအား ကျန်းမာရေးအကြံပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဒေါက်တာကျော်ရင်လှိုင်အား ပညာရေးအကြံပေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်ဦးတင်ထွဋ်ဦးအား စီးပွားရေး အကြံပေးအဖွဲ့ဝင်အဖြစ်လည်းကောင်းခန့်အပ်တာဝန်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့များ ကို ၂ဝ၁၁ ခုနှစ် ဧပြီ ၁၉ ရက်က အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စီးပွားရေးအကြံပေးအဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဒေါက်တာဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာတင်လှဗိုလ်၊ နိုင်ငံရေးအကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးရဲတင့်၊ ဥပဒေအကြံပေးအဖွဲ့တွင် အငြိမ်းစားရဲမှူးကြီး စစ်အေး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးသန်းကျော်တို့ ပါဝင်ခဲ့သည်။

ထို့ပြင် ၂ဝ၁၃ ခုနှစ် ဩဂုတ် ၇ ရက် တွင် ဒေါက်တာ အောင်ထွန်းသက် (စီးပွားရေးအကြံပေးအဖွဲ့ဝင်)၊ ဒေါက်တာဇော်ဦး (စီးပွားရေးအကြံပေးအဖွဲ့ဝင်)၊ ဦးဥာဏ်နိုင်ဝင်း( ဥပဒေအကြံပေးအဖွဲ့ဝင်)တို့ကို နိုင်ငံတော်သမ္မတအကြံပေးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အငြိမ်းစားသံအမတ်ကြီး ဦးသန်းဆွေ(နိုင်ငံရေးအကြံပေးအဖွဲ့ဝင်)၊ အငြိမ်းစားဝန်ကြီး ဦးသောင်းညွန့် (ဥပဒေအကြံပေးအဖွဲ့ဝင်)တို့ကို နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ် တာဝန်ပေးခဲ့သည်။ 

Eleven Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment