Pages

Wednesday, June 25, 2014

ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ အစိုးရမှ ငွေကျပ် ဘီလျံသိန်းချီ သုံးစွဲမှုများ ရှိနေသဖြင့် စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်

RangonNewsDaily:: June . 25 .2014
ဘတ်ဂျက်စာရင်းတွင် မပါဝင်ဘဲ အစိုးရမှ သုံးစွဲနေသည့် Non Budget ဟုခေါ်သည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ စစ်ဆေးခွင့်မရှိဘဲ အစိုးရမှ သုံးစွဲနေသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဇွန် ၂၄ ရက်တွင် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
ထို့ကြောင့် အဆိုပါ Non Budget ငွေကျပ်ဘီလျံပေါင်းများစွာကို ပြည်ထောင်စု စာရင်းစစ်ချုပ်မှ စစ်ဆေးခွင့်ရရှိရန် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ဦးမောင်တိုးက ၎င်းဥပဒေကြမ်းကို တင်သွင်းရာတွင် “ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်မှာ ဖြစ်ပါတယ်။ ဥပဒေမှာ နိုင်ငံတော်ရဲ့ အရအသုံး စာရင်းတစ်ခုကိုပဲ စစ်ဆေးရမယ်လို့ ပါပါတယ်။ နိုင်ငံတော်ရဲ့ အရအသုံး စာရင်းတစ်ခုထဲကို စစ်ဆေးရမယ်လို့ ဆိုတဲ့အတွက်ကြောင့် ပေးအပ်ထားတဲ့တာဝန် ကျဉ်းမြောင်းတယ်လို့ ယူဆရပါတယ်။

 နိုင်ငံရဲ့ စာရင်းကို ကြည့်မယ်ဆိုရင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ Non Budget ဆိုတဲ့ ငွေတွေဟာ ဘတ်ဂျက်မှာမပါဘဲ ရှိပါတယ်။ Non Budget ဆိုတာ နိုင်ငံတကာမှာလည်း ရှိပါတယ်။ အနည်းနဲ့ အများရယ်၊ စစ်ဆေးတဲ့ စနစ်တွေရယ် ဒါပဲ ကွာပါတယ်။ ၂၀၁၁-၂၀၁၂ ရဲ့ Non Budget မှာ ကြည့်မယ်ဆိုရင် ရငွေဟာ ၁၈၀၀၀ ဘီလျံကျော်ဖြစ်ပြီး ပြန်ပေးတဲ့ငွေက ဘီလျံ ၂၀၀၀၀ ကျော်ရှိကြောင်း တွေ့ရပါတယ်။

၂၀၁၂-၂၀၁၃ ကို ကြည့်မယ်ဆိုရင် ရငွေက ဘီလျံအားဖြင့် တစ်သိန်းကျော်ရှိပြီး ပြန်ပြီးပေးတဲ့ ငွေကလည်း တစ်သိန်းကျော် ရှိတယ်ဆိုပြီး ငွေရဲ့စီးဆင်းမှုတွေ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ယင်းငွေများကို စနစ်တကျ ထိန်းချုပ်ကွပ်ကဲရန်လိုကြောင်း၊ အထက်ပါ ငွေကြေးများသည် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ခွင့်ပြုချက်တွင် မပါဝင်သဖြင့် ဥပဒေအရ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ စစ်ဆေးရန် မလိုအပ်ကြောင်း ဖော်ပြနိုင်သည်ဟု ဦးမောင်တိုးက ဆိုသည်။

အစိုးရအဖွဲ့၏ ခွင့်ပြုချက်ယူပြီး Internal Audit ဖြင့် စစ်ဆေးနိုင်သော်လည်း လွှတ်တော်မှ စစ်ဆေးချက်များကို သိရှိနိုင်မည် မဟုတ်ကြောင်း ဦးမောင်တိုးက ဆိုသည်။

ထို့ကြောင့် ၎င်းတို့ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ဆေးကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်သည့် အချက်အားထည့်သွင်းကာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်ခဲ့သည်။

Eleven , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment