Pages

Wednesday, June 25, 2014

ယာဉ်ကြောများပိတ်သော်လည်း ကားတင်သွင်းမှုကို ရပ်တန့်မည်မဟုတ်ဟု ၀န်ကြီးဦးဝင်းမြင့်ဆို

RangonNewsDaily:: June . 25 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်းယာဥေ်ကြာပိတ်ဆို့မှုများ မကြာခဏဖြစ် ပွားနေသော်လည်း စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကိုသာ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်ပမှ ကားတင်သွင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၂ ရက်က LION CITY စားသောက်ဆိုင်တွင်ကျင်းပသည့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ 
“ စီးပွားရေးနဲ့ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ကတော့ ကားတင်သွင်းမှုကိုရပ်မှာမဟုတ်ပါဘူး။ ရန်ကုန်မှာ ကားတွေ ကျပ်နေတာသိပေမယ့်လည်း စည်းကမ်းမဲ့ရပ်နားတဲ့ယာဉ်တွေ၊ စည်းကမ်းမဲ့ယာဉ် တွေကို အရေးယူပြီးစည်းကမ်းထိန်းသိမ်းဖို့ ယာဉ်ထိန်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။ 

ယာဉ်အို/ယာဉ်ဟောင်းဖျက်သိမ်း၍အစားထိုးတင်သွင်းခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းမော်တော် ယာဉ်အစီးရေသိသိသာသာတိုးပွားလာခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေရာ ရန်ကုန်တိုင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည်။ 

“ အခုကားတွေက နေရာတိုင်းလိုလိုမှာ ကျပ်နေတာ။ ခုံးကျော်တံတားတွေဆောက်လည်း ကျပ်တဲ့နေရာက ကျပ်နေတာ။ အခုမိုးတွင်းဆိုတော့ ပိုဆိုးတယ်။ပြီးခဲ့တဲ့ ၁၂ ရက်နေ့တုန်းကဆို မိုးတွေအရမ်းရွာတော့ ကားလမ်းတွေပေါ်ရေကျော်လာပြီး တစ်မြို့လုံးနီးပါးလမ်းတွေ ပိတ်နေတာ။ ကျွန်တော်ဆို ညနေဘက် မြောက်ဥက္ကလာပဘက်တွေ၊ ဘာတွေဆို မလိုက်ဘူး။ လမ်းအရမ်းပိတ်လို့ ” ဟု လှိုင်မြို့နယ်သံလမ်း အတွင်းနေထိုင်သူ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။ 

ယင်းသို့ လမ်းပိတ်ဆို့မှုအများစုမှာယာဉ် မောင်းများစည်းကမ်းမဲ့စွာ ယာဉ်ရပ်နားခြင်း၊ စည်းကမ်းမဲ့မောင်းနှင်ခြင်းများကြောင့်ဖြစ်ပြီး စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို ယခုထက်ပိုမိုအရေးယူရန်နှင့် ယာဉ်မောင်းများ စည်းကမ်းရှိစွာမောင်းနှင်ကြစေရန် ယာဉ်ထိန်းတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ် ပွားသည့်နေရာ ၇၉ နေရာခန့်ရှိပြီး ယာဉ်ထိန်းတပ်ဖွဲ့က ရန်ကုန်တိုင်းအတွင်း စည်းကမ်းမဲ့ရပ်နားသည့်ယာဉ်များကို အရေးယူရာတစ်လလျှင် စည်းကမ်းမဲ့ရပ်နားသည့်ယာဉ်အစီးရေ ၁,၃၀၀ ၀န်းကျင်အရေးယူနိုင်ခဲ့သည်ဟု အမှတ်-၂ ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။ 

လက်ရှိအစိုးရတက်ရောက်လာခဲ့ပြီးနောက်ပိုင်း ယာဉ်အို/ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင် သွင်းခြင်းစီမံချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း စတင်ဆောင်ရွက်ခဲ့ပြီး မှတ်ပုံတင် သက်တမ်း အနှစ် ၄၀ ကျော်အက္ခရာများကို စတင်လဲလှယ်ပေးခဲ့ခြင်းဖြစ်သည်။ 

အကောက်ခွန်ဦးစီးဌာနမှ ရရှိသောစာရင်းများအရ ၂၀၁၁ခုနှစ် အောက်တိုဘာ လ ၂၅ ရက်မှ ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်အထိ မော်တော်ယာဉ်စီးရေ ၂၉၄,၈၃၇စီးတင်သွင်းခဲ့ပြီး ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး လဲလှယ်ရေး စီမံချက်အတွက် မော်တော်ယာဉ် ၈၆,၇၁၂ စီးတင်သွင်းခဲ့ခြင်းဖြစ်သည်။

Mizzima , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment