Pages

Thursday, June 20, 2013

ဒစ်ဂျစ်တယ်မီတာ ဖြုတ်ပေးရန် တောင်းဆိုမှု ဖြေရှင်းပေးမည် မဟုတ်ဟုဆို

(ရန်ကုန်၊ ဇွန် ၁၉)

သုံးခွမြို့နယ်တွင် ဒစ်ဂျစ်တယ် မီတာများကို ပြန်လည် ဖြုတ်သိမ်း၍ ယခင်မီတာများ ပြန်လည် တပ်ဆင်ပေးရန် တောင်းဆို ဆန္ဒပြမှုအပေါ် မည်သို့မျှ ဖြေရှင်းပေးမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က The Voice သို့ ပြောကြားသည်။ တပ်ဆင်ထားသော ဒစ်ဂျစ်တယ် မီတာများ ပြန်ဖြုတ်ပေးရေး၊ ယခင်မီတာဟောင်းများ ပြန်လည် တပ်ဆင်ပေးရေး၊ ပွင့်လင်းမြင်သာမှု ရှိသော မီတာခ နှုန်းထားများ ဖော်ဆောင်ပေးရေး စသည့်အချက် တို့ကို သုံးခွမြို့နယ် ဆန္ဒထုတ်ဖော်သူများက ယနေ့တွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ နေ့လယ်မှာ ဆန္ဒပြမယ်လို့ သိရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုမှု မှန်သမျှကို ပြန်လည် ဖြေရှင်းပေးဖို့ အစီအစဉ် လုံးဝ မရှိပါဘူး”ဟု ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က The Voice သို့ ပြောကြားသည်။

ဒစ်ဂျစ်တယ် မီတာများ ပြောင်းလဲ တပ်ဆင်မှုကြောင့် သုံးခွမြို့နယ်တွင် မီတာခ ကျသင့်ငွေ တိုးလာခြင်းကြောင့် ပြန်လည် ဖြုတ်သိမ်းပေးရန် ဆန္ဒပြခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ ပြုလုပ် ခဲ့ကြောင်း သုံးခွမြို့နယ် အမှတ် (၉) ရပ်ကွက်နေ ဦးဆန်းမြင့်က ပြောကြားသည်။

ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုကို လျှော့ချရန် ရည်ရွယ်၍ လျှပ်စစ်သံလိုက် စနစ်သုံး (Analog) မီတာများ နေရာတွင် အီလက်ထရွန်နစ် စနစ်သုံး ဒစ်ဂျစ်တယ် မီတာများကို နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ရှိ မြို့နယ် အချို့တို့တွင် ၂၀၁၂ တွင် စတင် အစားထိုး တပ်ဆင် ပေးခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

The Voice , RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment