Pages

Thursday, June 20, 2013

မြန်မာနိုင်ငံတွင် ဟင်္သာ ပထမဆုံးသားပေါက်

(ရန်ကုန်၊ ဇွန် ၁၉)

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် အတွင်း၌ မြန်မာနိုင်ငံတွင်
ဆောင်းခိုကျက်စား နေထိုင်လေ့သာရှိပြီး ဥဥသားပေါက်သည့် အလေ့အထ မရှိသည့် ဟင်္သာမျိုးစိတ်မှ ပထမဆုံးအကြိမ် အဖြစ် ဧပြီလ ၂၆ ရက်နေ့တွင် သားပေါက်ခဲ့ကြောင်း မြန်မာငှက် ဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ပြောကြားသည်။ အဆိုပါ ဟင်္သာများသည် အရှေ့တောင်အာရှသို့ ဆောင်းခို ကျက်စားရန် ပျံသန်း ရောက်ရှိလာလေ့ ရှိပြီး အများစုသည် အိန္ဒိယနိုင်ငံသို့ ဆောင်းခိုလေ့ ရှိကြောင်း၊ ဟင်္သာခေါ်Ruddy Shelduck ငှက် မျိုးစိတ်သည် တောရိုင်းရေဘဲ အုပ်စုမျိုးစိတ်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဥဥသားပေါက်သည့် ငှက်မျိုးစိတ် မဟုတ်ကြောင်း၊ကုန်းတွင်းရေတိမ်
ဒေသများနှင့် ရေချို၊ ရေငန်ဒေသများဆီသို့ အောက်တိုဘာလတွင် ပျံသန်း ရောက်ရှိလာလေ့ ရှိပြီး မတ်လကုန် ဧပြီလအတွင်း ၎င်းတို့ ဥဥသားပေါက်ရာ ဒေသများဆီသို့ ပျံသန်းသွားသည့် အလေ့အထ ရှိကြောင်း ၎င်းကရှင်းပြသည်။

“နောက်နှစ်မှာ ဆက်ပြီးသားပေါက် မပေါက်ကို စောင့်ကြည့်ရမယ်” ဟု ၎င်းကဆိုသည်။

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များနှင့်
တောရိုင်း တိရစ္ဆာန်အချို့ အပါအဝင် ငှက်မျိုးစိတ်များကိုလည်း ထိန်းသိမ်းရာ၌ ဟင်္သာ မျိုးစိတ်များလည်း ပါဝင်ကြောင်း၊ ယင်းကဲ့သို့ ထိန်းသိမ်းထားသည့် ဟင်္သာများအနက် တစ်စုံသည် ဧပြီလ ၂၆ ရက်နေ့တွင် သားပေါက်ခဲ့ရာ သားပေါက် ရှစ်ကောင် ပေါက်ဖွားခဲ့ခြင်းကြောင့် ထူးခြား ဖြစ်စဉ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ကြောင်း ဦးသိန်းအောင်က ဆက်လက်ရှင်းပြသည်။
The Voice ,  RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment