Pages

Thursday, June 20, 2013

ယာဉ်တိုက်မှုများကြောင့် မန္တလေးခရိုင်အတွင်း တစ်ရက်လျှင် လူသုံးဦး အသက်ဆုံးရှုံးနေ

Thursday, June 20, 2013

ဆိုင်ကယ်တိုက်မှု အများဆုံးပါဝင်သည့် ယာဉ်မတော်တဆမှုများကြောင့် မန္တလေးခရိုင်အတွင်း တစ်ရက်လျှင် လူသုံးဦး အသက်ဆုံးရှုံးနေရကြောင်း မန္တလေးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းယာဉ်ထိန်းရဲအရာရှိက ''ဆိုင်ကယ် တိုက်မှုကြောင့် အသက်ဆုံးရှုံးတာ ပိုများတယ်။ မေလတစ်လထဲမှာပဲ မန္တလေးခရိုင်အတွင်း စုစုပေါင်း ၈၂ ဦးသေဆုံးခဲ့ရတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။ မေလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၇၃ မှုအနက် ဆိုင်ကယ်တိုက်မှုက ၁၁၉မှုရှိခဲ့သည် ဟုလည်း ယင်းရဲအရာရှိက ဆိုသည်။ ဆိုင် ကယ်ကြောင့် အသက်ဆုံးရှုံးရသူဦးရေမှာ ၅၄ ဦး ရှိခဲ့သည်ဟုလည်း မေးမြန်း သိရှိရသည်။

ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရသူ စုစုပေါင်း ၂၁၉ ဦးရှိကာ ဆိုင်ကယ်ကြောင့် ဖြစ်ပွားသူ ၁၃၂ ဦး ရှိသည်ဟု ယာဉ်ထိန်းရဲစခန်းမှ ထုတ်ပြန်ချက်များတွင် ဖေါ်ပြထားသည်။ ယာဉ်တိုက်မှုအဖြစ်များဆုံး အချိန်မှာ ညနေ ၆နာရီမှ ၁၂ နာရီထိ အချိန် တွင်ဖြစ်ကြောင်း သိရှိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ကျအရာရှိတစ်ဦးက ယာဉ်မတော် တဆမှုများ လျော့ကျရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် ညပိုင်း ယာဉ်မတော်တဆမှုများ လျော့ကျ သွားစေရန် မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်သူများကို ''အရက်တိုင်းတာစက်''များဖြင့် စစ်ဆေးတိုင်းတာ အရေးယူလျှက်ရှိကြောင်း ပြော ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ဆန်းက ''စည်းကမ်းပျက်တဲ့ ယာဉ်တွေ မလိုက်နာ တဲ့ ယာဉ်တွေကို စီမံချက်နဲ့ ဖမ်းနေတယ်။ ဒါပေမဲ့ စည်း ကမ်းလိုက်နာမှု အားနည်းနေတယ်။ စစ်ဆေးအရေးယူ မှုတွေ ဆက်တိုက်လုပ်နေတယ်။ ဖမ်းတာလည်း လုပ်နေတယ်။ ဒါပေမဲ့ မလျော့သွားဘူး။ မြို့ပြင်တွေမှာ အရမ်း စည်းကမ်းပျက်တာများတယ်'' ဟု မဇ္ဈိမ သို့ ပြောသည်။

ယာဉ်စည်းကမ်း လိုက်နာမှုရှိလာအောင် ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောရာတွင်မြို့တွင်း၌ စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာသဖြင့် ယာဉ်တိုက်မှု အနည်း ငယ်လျော့ ကျလာပြီး ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်လျော့ကျလာကြောင်း၊ ယခု နောက်ပိုင်း မြို့ပြင်များတွင် ယာဉ်စည်း ကမ်း လိုက်နာရေးအတွက် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မဇ္ဈိမသို့ ပြောသည်။

Mizzima News , RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment