Pages

Thursday, June 20, 2013

ရန်ကုန်ဘဆွေ၏ 'မြန်မာပြည်သား' ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးမည်

Thursday, June 20, 2013

ရန်ကုန်ဘဆွေ၏ 'မြန်မာပြည်သား' ဝတ္ထုကို ဒါရိုက်တာပန်းချီစိုးမိုးမှ မကြာမီ ရိုက်ကူးတော့မည် ဖြစ်သည်။ အဆိုပါ ဇာတ်ကားအား Studio 35 မှ ထုတ်လုပ်မည်ဖြစ်ပြီး ချစ်ဦးညိုက ဇာတ်ညွှန်းရေးသားထားကြောင်း Studio 35 မှ ဦးရဲနိုင်စိုး က မဇ္ဈိမသို့ ပြောကြားသည။် ယင်းဇာတ်ကား၌ ဇာတ်လမ်း၏လိုအပ်ချက်အရ သရုပ်ဆောင်အင်အား ရာချီပါဝင် သရုပ်ဆောင်ကြမည်ဖြစ်ပြီး ဇာတ်ရုပ်နှင့်လိုက် ဖက်ညီသည့် သရုပ်ဆောင်များကို အဓိကထားရွေးချယ်ထားကြောင်း ပန်းချီစိုးမိုးက ဆိုသည်။

ယင်းဝတ္ထုသည် အင်္ဂလိပ်နယ်ချဲ့ကာလ မြန်မာမျိုးချစ်သူရဲကောင်းများ၏ တော်လှန်မှု၊ ရှေးယခင်ကရှိခဲ့ဖူးသည့် ဘုန်းကြီးကျောင်းများတွင် သင်ကြားပေးလေ့ရှိသော ကိုယ်ခံပညာရပ်များ၊ မြန်မာမိန်းကလေးများ၏ ရိုးရာယဉ်ကျေး မှု ဓလေ့စရိုက်များနှင့် မြန်မာ့သရုပ်ကို ထင်ဟပ်စေခဲ့သည့် ဝတ္ထုကြီးဖြစ်သည်။

ထို့အတွက်ကြောင့် ယင်းဝတ္ထုအား ရုပ်ရှင်အဖြစ် ရိုက်ကူးရာတွင် လိုအပ်သည့်အချက်များနှင့် စပ်လျဉ်းပြီး ဒါရိုက်တာပန်းချီစိုးမိုးက ''ဝတ္ထုကလည်း အထူကြီးဖြစ်တဲ့အပြင် ဟိုးဆင် ဖြူရှင်မင်းတရားနဲ့ မန်ချူးတပ်တွေ ချီတက်လာတာတွေကအစ ပါဝင်အောင် ရိုက်ကူးရမှာပါ။ အခုရိုက်ကူးရေးအတွက် အချိန်ပေးပြီး စီစဉ်နေပါတယ်။ 

အခု ဇာတ်ကားရိုက်ကူးရင် အသုံးပြုရမယ့် သရုပ်ဆောင်တွေကို စဉ်းစားနေပါတယ်။ အဓိက,ကတော့ မင်းသား တွေကို အဓိကထားပြီးရွေးချယ်သွားမှာပါ။ ဝတ္ထုအရဆို မင်းသားတွေက အရပ်အမောင်း မြင့်မားပြီး ကိုယ်လုံးကိုယ်ထည် တောင့်တင်းခိုင်မာရမယ်။ဆေးမင်ကြောင်တွေ အပြည့်ထိုးထားပြီး ယောက်ျားပီသတဲ့ခန္ဓာကိုယ်ကို ရှာဖွေနေတာပါ။ မြန်မာနိုင်ငံက မင်းသား
တွေက အခုလိုခန္ဓာကိုယ်မျိုး နည်းပါးတဲ့အခါ အခက်အခဲတွေရှိနေပါတယ်''ဟု ၎င်းက ဆိုသည်။

အဆိုပါရိုက်ကူးရေး၏ ဇာတ်ဝင်ခန်းများကို မန်ချူးတို့ချီတက်ခဲ့သော ရှမ်းပြည်နယ်ရှိ တောင်တန်းများနှင့် ညောင်ဦး၊ ပုပ္ပါးတို့အပြင် မန္တလေးမြို့တို့ရှိ တမာပင်၊ မန်ကျည်းပင်၊ ရှားစောင်းပင် စသောဒေသပတ်ဝန်းကျင်များတွင် ပုံဖော်ရိုက်ကူးမည်ဖြစ်သည်။ လက်ရှိတွင် စိုးရန်အောင်၊ မိုးယံဇွန်၊ ဝတ်မှုံရွှေရည်နှင့် မိုးယုစံတို့ကို ရွေးချယ် ထားကြောင်း စီစဉ်သူက ဆိုသည်။

အဆိုပါရုပ်ရှင်ထုတ်လုပ်ရေးကို စီစဉ်ဆောင်ရွက်မည့ှ်Studio 35 မှ အထွေထွေမန်နေဂျာ ဦးရဲနိုင်စိုးက ''ဒီ အကြောင်းအရာ ရိုက်ကူးဖို့အတွက် စီစဉ်တာလည်း တစ်နှစ်ကျော်ကြာခဲ့ပါတယ်။ အခုရိုက်ကူးရင်လည်း တစ်နှစ် နီးပါးလောက်တော့ ကြာဖို့ရှိပါတယ်။ 


ရုပ်ရှင်အစည်းအရုံးရဲ့ ခွင့်ပြုချက်တော့ ရထားပါပြီ။ ဆရာပန်းချီစိုးမိုးကိုတော့ အကုန်လုံးစီစဉ်ဖို့ ပေးအပ်ထားတာပါ။ ဝတ္ထုထဲမှာပါတဲ့အတိုင်း စစ်ပွဲတွေကလည်းများတော့ သုံးရမယ့် အင်အားက လည်း များတယ်။ ဒီထဲမှာ မင်းသမီးအင်အားက သိပ်မများပါဘူး၊ မင်းသားအင်အားကပဲ များပါတယ်။ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် မြင်းစီးအဖွဲ့ချုပ်နဲ့ ညှိနှိုင်းနေပါတယ်။

ဇာတ်ကားထဲမှာ အသုံးပြုမယ့်ဇာတ်ကောင်တွေရဲ့ အဝတ်အစားတွေကို ပြင်ဆင်ချုပ်လုပ်ပေးမယ့် ဒီဇိုင်းနာတွေ၊ ချုပ်လုပ်သူတွေကိုလည်း ဆွေးနွေးညှိနှိုင်းရဦးမှာပါ။ ဒါ့အပြင် မန်ချူးတို့ရဲ့ နန်းတွင်းအပြင်အဆင်နဲ့ မြန်မာတို့ရဲ့ နန်းတွင်းအပြင်အဆင်တွေကိုလည်း ဖန်တီးရဦးမှာပါ။ တကယ့်အစစ်အမှန်တွေကို ရိုက်ကူးဖို့အတွက် ယနေ့ခေတ်အထိ ရှိနေသေးရင် ရှိတဲ့နေရာမှာ ရိုက်ကူးရမှာပါ။ မရှိရင်တော့ ဆက်တင်ပြင်ဆင်ပြီး ရိုက်ကူးရမှာပါ'' ဟုပြောကြားသည်။

အဆိုပါရိုက်ကူးရေးအတွက် ခန့်မှန်းကုန် ကျငွေမှာ ကျပ်သိန်း၃ဝဝဝကျော် ကုန်ကျမည် ဖြစ်သည်။ Studio 35 ၏ 'ပင်လယ်ထက်ကနေဝန်းနီ' ရုပ်ရှင်ကားကိုလည်း တရုတ်နိုင်ငံ ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင် သွားရောက်ပြသခဲ့ရာအောင်မြင်မှုရရှိခဲ့သည်။

မကြာမီရိုက်ကူးရန် စီစဉ်နေသည့် 'မြန်မာပြည်သား' ရုပ်ရှင်ကိုလည်း ပြည်ပနိုင်ငံများတွင် သွားရောက်ပြသရန် အတွက် အင်္ဂလိပ်စာတန်းရေးထိုးရန် စီစဉ်ထားကြောင်း Studio 35 မှ တာဝန်ရှိသူက ဆိုသည်။

Mizzima News , RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment