Pages

Sunday, November 25, 2012

မြန်မာ-အိန္ဒိယ ပူးပေါင်းသည့် Myanmar Institute of Information Technology (MIIT) နည်းပညာတက္ကသိုလ် မန္တလေးတွင် တည်ဆောက်ရန် စီစဉ်


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ မန္တလေးမြို့တော် ၇၃ လမ်း မဟာမန္တလေးမြို့တော် စီမံကိန်းအနီးတွင် Myanmar Institute of Information Technology (MIIT) တက္ကသိုလ် တည်ဆောက်ရန် ဆွေးနွေးလျက်ရှိကြောင်း မန္တလေးမြို့တော် အိန္ဒိယကောင်စစ်ဝန်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ တက္ကသိုလ်ကို အိန္ဒိယအစိုးရက ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ အိုင်တီနည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်များနှင့် ပတ်သက်၍ ငါးနှစ်သင်တန်း ပြီးပါက ဘွဲ့ရရှိမည်ဖြစ်ပြီး သင်တန်းသား ငါးထောင်ခန့် လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်းလည်း ၄င်းကထပ်မံ ပြောကြားသည်။ သင်ကြားရေးပိုင်းနှင့် ပတ်သက်၍ ပထမနှစ်တွင် အိန္ဒိယနိုင်ငံမှ ဆရာများက ရာနှုန်းပြည့် လာရောက်သင်ကြားပေးမည် ဖြစ်ပြီး ဒုတိယနှစ်တွင် မြန်မာဘက်မှ ဆရာအရေအတွက် ၂၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၄၀ ရာခိုင်နှုန်း ပါဝင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ငါးနှစ်ပြည့်ပါက အိန္ဒိယမှ ဆရာ၊ ဆရာမများ သင်ကြားပေးမည် မဟုတ်တော့ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးထံမှ သိရှိရသည်။ သင်ကြားရေးနှင့် ပတ်သက်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲလျက်ရှိပြီး သင်တန်းကြေးကိုမူ ဆွေးနွေးသတ်မှတ်ရခြင်းများ မရှိသေးကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်ရေး၊ မန္တလေးမြို့တော်တွင် MIIT တည်ဆောက်နိုင်ရေး၊ မြေနေရာသတ်မှတ်ရေး၊ နည်းပြနှင့် ဝန်ထမ်းများ ခန့်အပ်ရေး စသည်တို့နှင့် စပ်လျဉ်း၍ အိန္ဒိယနိုင်ငံမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဆင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 comments:

Post a Comment