Pages

Sunday, November 25, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၄/၂ဝ၁၂)

သတင်းထုတ်ပြန်ချက် (၄/၂ဝ၁၂) 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ 
သတင်းထုတ်ပြန်ချက် (၄/၂ဝ၁၂) 
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁ဝ ရက် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် 
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခြင်း 

၁။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံ တစ်ဝန်းလုံး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း က အတည်ပြုသဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီသည် ၂၉-၅-၂ဝဝ၈ ရက်စွဲ ပါ ကြေညာချက်အမှတ် ၇/၂ဝဝ၈ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေပုဒ်မ ၄၄၁ ပါ ပြဋ္ဌာန်းချက် အရ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် (၃၁-၁-၂ဝ၁၁) ရက်တွင် နိုင်ငံ တစ်ဝန်းလုံး၌ စတင်အာဏာ တည်ပါသည်။  ၂။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအာဏာ စတင်မတည်မီ ကာလ အတွင်း ဆောင်ရွက်ဖွယ် လုပ်ငန်းကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေ (၂၂)ခု ပြဋ္ဌာန်းပေးခဲ့သည်။ 

၃။ ထိုဥပဒေ(၂၂)ခုပါ ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ မရှိနှင့် ဆန့် ကျင်နေကြောင်း စိစစ်တွေ့ရှိရပါက ဥပဒေပြုခွင့် အာဏာရှိသော ပြည်ထောင်စု လွှတ်တော်အနေဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရန် အကြံပြုသည့် သဝဏ်လွှာ တစ်စောင်ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ၃၁-၁ဝ-၂ဝ၁၂ ရက်စွဲပါ စာအမှတ်၊ ၁ဝ၇ (၁) / ၈ / သမ္မတရုံးဖြင့် ပေးပို့ခဲ့သည်။ 

သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်- 

''၁။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုပြီးနောက် နိုင်ငံတော် အေး ချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂၉-၅-၂ဝဝ၈ ရက်စွဲပါ ကြေညာချက် အမှတ်၊ ၇/၂ဝဝ၈ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ 
၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) သည် ၎င်းဥပဒေပုဒ်မ ၄၄၁ ပါ ပြဋ္ဌာန်းချက် အရ ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် (၃၁-၁-၂ဝ၁၁) ရက်တွင် နိုင်ငံ တစ်ဝန်းလုံး၌ စတင် အာဏာ တည်ပါသည်။ 

၃။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ''ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင် အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဆောင်ရွက်သည် ဟု မှတ်ယူရမည်။'' ဟု ပြဋ္ဌာန်းထားပါသည်။ 

အဆိုပါ ပြဋ္ဌာန်းချက်အရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးအတွက် ကြိုတင်ပြဋ္ဌာန်းရန် လိုအပ်မည့် ဥပဒေ (၂၂) ခုအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ ကို ရည်ညွှန်း ဖော်ပြ၍ ပြဋ္ဌာန်းခဲ့ပါသည်။ 
အဆိုပါ ဥပဒေစာရင်းကို နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်။ 

 ၄။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ တွင် ''တည်ဆဲ ဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ် သည်။'' ဟု ပြဋ္ဌာန်းထားပါသည်။ 

ထိုပြဋ္ဌာန်းချက်ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်ဆန့်ကျင်သော တည်ဆဲဥပဒေတို့၏ ပြဋ္ဌာန်းချက်များ သည် အလိုအလျောက် ပျက်ပြယ်ပါသည်။ 

ထို့ကြောင့် တည်ဆဲ ဥပဒေများကို ကိုးကား အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကိစ္စရပ် များတွင် မည်သည့် ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်မှု ရှိသည်ကို ဆုံးဖြတ်ပြီး၊ လိုအပ်ပါက ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းနှင့် ဖျက်သိမ်းခြင်းတို့ဖြင့် ပြဋ္ဌာန်းဆောင်ရွက်ရန် သင့်လျော်မည် ဖြစ်ပါသည်။ 

၅။ သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ကြိုတင် ပြဋ္ဌာန်းခဲ့သော အဆိုပါ ဥပဒေ(၂၂)ခုပါ ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ မရှိ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် ဆန့်ကျင်နေကြောင်း စိစစ် တွေ့ရှိပါက ပြည်ထောင်စုလွှတ်တော်က သင့်လျော်သလို ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းမှ ဥပဒေပညာရှင်များနှင့် ပြင်ပရှိ ဥပဒေ ပညာရှင်များ ပါဝင်သော အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေး၍ လေ့လာ သုံးသပ် ဆောင်ရွက် သင့်ကြောင်း အကြံပြုချက်ဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်။

'' ၄။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ ပါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းသော ဥပဒေ (၂၂) ခု စာရင်းအား သဝဏ်လွှာ တွင် နောက်ဆက်တွဲ(က) အဖြစ် ဖော်ပြထား ရာ အောက်ပါအတိုင်းဖြစ်သည်- '

- နိုင်ငံတော်အလံ ဥပဒေ (အမှတ် ၈/၂ဝ၁ဝ) 

- နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေ (အမှတ် ၉/၂ဝ၁ဝ) 

- နိုင်ငံတော်သီချင်း ဥပဒေ (အမှတ် ၁ဝ/၂ဝ၁ဝ) 

- ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ (အမှတ် ၁၁/၂ဝ၁ဝ) 

- ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ (အမှတ် ၁၂/၂ဝ၁ဝ)

- အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ (အမှတ် ၁၃/၂ဝ၁ဝ) 

- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေ (အမှတ် ၁၄/၂ဝ၁ဝ) - ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ(အမှတ် ၁၅/၂ဝ၁ဝ) 

- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဥပဒေ (အမှတ် ၁၆/၂ဝ၁ဝ) 

- ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥပဒေ (အမှတ် ၁၇/၂ဝ၁ဝ) 

- နေပြည်တော်ကောင်စီ ဥပဒေ (အမှတ် ၁၈/၂ဝ၁ဝ) 

- နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာဥပဒေ (အမှတ် ၁၉/၂ဝ၁ဝ) 
- ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ(အမှတ် ၂ဝ/၂ဝ၁ဝ) 

- နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (အမှတ် ၂၁/၂ဝ၁ဝ) 

- ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ (အမှတ် ၂၂/၂ဝ၁ဝ) 

- ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ(အမှတ် ၂၃/၂ဝ၁ဝ) 

- ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ (အမှတ် ၂၄/၂ဝ၁ဝ) 

 - ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များဆိုင်ရာ ဥပဒေ (အမှတ် ၂/၂ဝ၁၁) 

 - တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် များဆိုင်ရာ ဥပဒေ (အမှတ် ၃/၂ဝ၁၁) 

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင် ကော်မတီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ (အမှတ် ၄/၂ဝ၁၁) 

- နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ (အမှတ် ၅/၂ဝ၁၁) 

- ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များ ဆိုင်ရာဥပဒေ (အမှတ် ၆/၂ဝ၁၁)''

0 comments:

Post a Comment