Pages

Tuesday, March 4, 2014

အောင်သိဒ္ဓိကျောင်းတွင် နေထိုင်သော မူလတန်းကျောင်းသား မိသားစုများ၏ ယာယီတဲများ ဖယ်ရှားခံရ

RangonNewsDaily: March . 4 .2014
ပဲခူးတိုင်း ဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီတဲထိုးကာ ခိုလှုံနေထိုင်လျက် ရှိသော သမီးကလေးကျေးရွာ နေသူများအနက် မူလတန်း စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား ပါဝင်သည့် မိသားစုဝင် ၃၁ စု၏ ယာယီတဲများကို မတ်လ ၃ ရက် နံနက်ပိုင်းက ဒုတိယအကြိမ် ဖယ်ရှားပေးခဲ့ရကြောင်း အဆိုပါ ကျောင်းတိုက်ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။
“ဒီနေ့ ဖျက်ပေးရတာက မူလတန်းကျောင်းသား ပါရှိတဲ့ မိသားစုတွေရဲ့ တဲတွေပါ။ အလယ်တန်းနဲ့ အထက်တန်းကျောင်းသား ရှိတဲ့ မိသားစုတွေ နေတဲ့ တဲတွေကို မတ်လ ၉ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှား ပေးရမယ်လို့ ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားစာ ပေးပို့ထားတယ်။ ဓမ္မာရုံထဲမှာ လူတွေ ပြည့်နေတော့ တဲဖျက်ခံရတဲ့ မိသားစုတွေကို စာသင်ကျောင်းနဲ့ ဆွမ်းစားဆောင် ဘက်မှာ နေရာချထားပေးတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

အောင်သိဒ္ဓိကျောင်းတွင် ယာယီခိုလှုံနေသော သမီးကလေး ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ရှိသည့် အိမ်ထောင်စု ၁၅၇ စုကို လှည်းကူးမြို့နယ်၊ ဝါးယားကုန်း ကျေးရွာတွင် ပြန်လည် နေရာချထား ပေးရန်အတွက် လှည်းကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။

“ဝါးယားကုန်း ကျေးရွာနားမှာ အသင်း ရန်ပုံငွေနဲ့ မြေ ၁၁ ဧက ဝယ်ပြီးပြီ။ မတ်လ ၁၇ ရက်နေ့ အချိန်မီ ပြောင်းရွှေ့နိုင်အောင် စီစဉ်နေတာကြောင့် ဘုန်းကြီးကျောင်းမှာပဲ ဆက်လက် နေခွင့်ရအောင် တိုင်းနှစ်တိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတွေကို ခွင့်ပြုချက်ပေးဖို့ မေတ္တာရပ်ခံထားတယ်” ဟု လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ပြောကြားသည်။

သမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စု နေထိုင်ရန် ဝါးယားကုန်း ကျေးရွာ အနီးရှိ လယ်မြေများကို တစ်ဧက ငွေကျပ် သိန်းနှစ်ဆယ်ဖြင့် ဝယ်ယူထားပြီး ဝါးအိမ်များ ဆောက်ကာ မဲနှိုက်စနစ်ဖြင့် မြေနေရာများ သတ်မှတ် ချထားပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဝါးယားကုန်း ရွာရဲ့ ရပ်ကွက်တစ်ခု အဖြစ် အသိအမှတ် ပြုပေးဖို့ ပြည်ထဲရေး ဝန်ကြီးနဲ့ တိုင်းဒေသကြီး အစိုးရကို တင်ပြပြီးပြီ။ ခုလယ်မြေတွေကို စက်ကြီးတွေနဲ့ မြေညှိဖို့ရယ်၊ ရေတွင်းရေကန် တူးဖော်ပေးဖို့ရယ် အတွက် လုပ်ဆောင်နေတယ်။ လှည်းကူးမှာ ဖျက်သိမ်းခံရတဲ့ရွာ ခြောက်ရွာ ရှိပေမယ့် အောင်သိဒ္ဓိကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေး ကျေးရွာက အိမ်ထောင်စုတွေကို ဦးစားပေးပြီး ဆောင်ရွက်သွားမှပါ” ဟု လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ရှင်းပြသည်။

အောင်သိဒ္ဓိ ကျောင်းတိုက်တွင် ခိုလှုံနေသော သမီးကလေး ကျေးရွာမှ ဖယ်ရှားခံရသူ မိသားစုများကို ပဲခူးတိုင်း ဒေသကြီးမှ ထွက်ခွာပေးရန် အကြိမ်ကြိမ် အကြောင်းကြားစာများ ပေးပို့ခဲ့သဖြင့် DKBA အဖွဲ့က ၎င်းတို့ဌာနချုပ် နယ်မြေအတွင်း နေထိုင်ရန် လာရောက် ခေါ်ဆောင်ခဲ့သော်လည်း နေအိမ် ဖယ်ရှား ခံရသူများက လိုက်ပါသွားခြင်း မရှိသောကြောင့် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ တိုင်းဒေသကြီး ခွင့်ပြုချက်ဖြင့် မြေကွက်များ ဝယ်ယူကာ ကူညီရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖယ်ရှားခံရသော ရွာသူရွာသားများ ထံမှ စုံစမ်း သိရှိရသည်။

“မွေးရပ်မြေကို မစွန့်ခွာချင်တာကြောင့် DKBA လာခေါ်တုန်းက လိုက်မသွားတာပါ။ ပြည်ခိုင်ဖြိုးပါတီက မြေကွက်နဲ့ အိမ်ကို အခမဲ့ ပေးမယ်ဆိုတော့ အရမ်းဝမ်းသာမိတယ်။ မောင်းထုတ်ခံနေရချိန် ကိုယ့်အိမ် ကိုယ့်ခြံနဲ့ နေခွင့်ရမယ်ဆိုတာ သိရတော့ ပျော်မိတယ်” ဟု ယာယီတဲ ဖျက်ခံရသော သမီးကလေး ကျေးရွာနေသူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

အဆိုပါ အောင်သိဒ္ဓိ ကျောင်းတိုက် အနီးရှိ အလိုင်နီဆည် နံဘေးတွင် ယာယီတဲထိုး နေထိုင်သူများကို လူမှုရေးအဖွဲ့များ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးမှ အလှူရှင်များက နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိကြောင်း၊ မြေကြီးပေါ်တွင် လေးတိုင်စင် ဝါးလုံးများထိုးကာ အမိုးအကာ မလုံခြုံစွာဖြင့် နေထိုင်ခြင်း၊ ရေလောင်းအိမ်သာ မလုံလောက်ခြင်း တို့ကြောင့် ကျန်းမာရေး ချိုတဲ့သူများ မကြာခဏ ဖြစ်ပေါ်နေပြီး လတ်တလောတွင် အစာအိမ်ရောဂါ၊ လေဖြတ်ရောဂါတို့ဖြင့် ပဲခူးပြည်သူ့ ဆေးရုံသို့ တင်ပို့ ကုသထားရသူ သုံးဦးရှိကြောင်း အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

သမီးကလေး ကျေးရွာကို သက်ဆိုင်ရာ အဖွဲ့အစည်းများက အင်အားသုံးပြီး ဖယ်ရှားခဲ့စဉ် ယင်းနေ့ တစ်ရက်အတွင်း ဖယ်ရှားခံရသော အင်းမတီးရွာမှ မိသားစုဝင် ၃၂ စုကို တပ်ပိုင်မြေ အတွင်းမှ ထွက်ခွာပေးရန် တပ်မတော်မှ အရာရှိများက အကြိမ်ကြိမ် လာရောက် သတိပေးလျက် ရှိကြောင်း၊ လှည်းကူး မြို့နယ်တွင်း ဖယ်ရှားခံရသော ကျေးရွာ ခြောက်ရွာမှ လူဦးရေ တစ်ထောင်ခန့်မှာ နေ့စဉ် နေထိုင် စားသောက်ရေး အခက်အခဲများ ရင်ဆိုင် ကြုံတွေ့နေရကြောင်း နေအိမ် ဖယ်ရှားခံသူများက ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment