Pages

Tuesday, March 4, 2014

လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကိုယ်စား ၀န်ချတောင်းပန် လျှောက်ထားလွှာအား အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးထံ ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်


RangonNewsDaily: March . 4 .2014
အင်းစိန်ရွာမဆရာတော်ကြီး၏ ၇၅ နှစ်မြောက် ၀ိဇာတမွေးနေ့ မင်္ဂလာသို့ တက်ရောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်း၏ပါတီဝင်တစ်ဦးဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ သံဃာတော်များကို ရိုင်းရိုင်းစိုင်းစိုင်း ပြောကြားခဲ့ခြင်းအတွက် ၀န်ချတောင်းပန်လွှာကို ဆရာတော်ကြီးထံ ဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးက အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် NLD ပါတီက နှောက်ယှက်ခြင်းများ မပြုလုပ်ရန် သတိပေးဆုံးမစကား မိန့်ကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်ကျောင်းကြီး၌
ကျင်းပခဲ့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ) (ဗဟို)၏ ဦးစီး ဆရာတော်ကြီး ဖြစ်တော်မူသော အင်းစိန်ရွာမ၊ ပရိယတ္တိစာသင်ကျောင်း ၏ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တ ဦးတိလောကဘိဝံသ၏ ၇၅ နှစ်မြောက်၊ စိန်ရတု ဝိဇာတ မွေးနေ့မင်္ဂလာ ပွဲကြီးကို နံနက် ၉ နာရီ အချိန် မှ စ၍ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့် တက်ရောက် ပူဇော်ခဲ့ပြီး ယင်းသို့ တက်ရောက်စဉ် တောင်းပန်လွှာဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးက မိန့်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၉ နာရီ အချိန်တွင် စတင်ကျင်းပ ၍ အနုမောဒနာတရားတော်ကို ရွှေရတုတိပိဋက ဆရာတော် အရှင်သီလက္ခန္ဓာဘိဝံသ မှ "သံဃာတော် အရှင် သူမြတ်များသည် လိုအပ်လျင် တိုင်းပြည်၏ ( နိုင်ငံရေး ) မှာ ပါဝင် ဆောင်ရွက်စေ၍ ဒကာ/ဒါယိကာမတို့၏ ကောင်းကျိုးချမ်းသာ ရ ရှိလာအောင် ပါဝင် ဆောင်ရွက်နေ ရ ခြင်းသည် ရာထူးအာဏာကို ရ ယူလိုခြင်း မဟုတ်ပါကြောင်း" ဟောကြားတော်မူ၍ သီဟုဠ်ခေတ် အဘယ မထေရ် ကို အကြောင်းပြုကာ အမျိုးစောင့်တရားတော်ကို ချီးမြှင့်တော်မူသည်။

ရွာမဆရာတော်ကြီး၏ အနီးကပ်သံဃာများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် မှ ဆရာတော်ကြီး ထံ ဝန်ချတောင်းပန်လွှာ အိတ်ပိတ် စာတစ်စောင်ကို ပေးအပ်ခဲ့ကြောင်း၊ ၎င်း ပေးအပ်ခဲ့သော တောင်းပန်လျှောက်ထားလွှာမှာ (မ.ဘ.သ) ဆရာတော်ကြီးများကို (နွား)ဖြင့် နှိုင်း၍ ရိုင်းစိုင်းခဲ့သော NLD-ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ ကိုယ်စား တောင်းပန် လျှောက်ထားလွှာ ဖြစ်ကြောင်း၊ စာဖြင့် တောင်းပန်ခြင်း မပြုဘဲ လူသိရှင်ကြား တောင်းပန်လိုသော်လည်း နိုင်ငံရေး အရ ကျဆုံးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ စာဖြင့် လျှောက်ထား တင်ပြရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားထားကြောင်း သိရသည်။ 

အလားတူ အမျိုးစောင့်တရား ချီးမြှင့်တော်မူခဲ့သော ဆရာတော်ဘုရားကြီးက NLD ပါတီအနေဖြင့် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ကို နှောက်ယှက်တားဆီးခြင်း၊ ပြက်ရယ်ပြုခြင်း၊ ကွယ်ရာမှ ရှုတ်ချခြင်း၊ ဘာသာခြားများနှင့်ပူးပေါင်း၍ ပြည်သူများအကြား ထင်မှတ်မှားစေ ရန် ပြုလုပ်ခြင်း စသည်တို့ကို ရှောင်ကြဉ်ကြရန် အရေးကြီး ကြောင်း သတိပေးဆုံးမစကား မိန့်ကြားခဲ့သည်။ 

"ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပါတီ လွှတ်တော်အမတ်တစ်ဦးက သံဃာတော်တွေ ကို နွားနဲ့ ခိုင်းနှိုင်းပြီး ပြစ်တင်ဝေဖန်တာဟာ ရတနာသုံးပါးကို စော်ကားခဲ့တာပါပဲ။ ဘုန်းကြီးတို့ ရင်နာတာက ကိုယ့်ဘာသာဝင်တွေကပဲ ဒီလို လုပ်နေတာကိုပါ။ ဒကာမကြီး ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အမျိုးစောင့် ဥပဒေကို စပြီး လှုံ့ဆော်ချိန်မှာ 
ဘာသာရေးကို အကြောင်းပြုပြီး လူတစ်ယောက်ရဲ့ ယုကြည်မှုကို ဥပဒေဖြင့် တားဆီးဖို့ မသင့်တော်ဘူးလို့ မီဒီယာတွေကို ပြောကြားခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။

 ပြီးတော့ မျိုးစောင့်ဥပဒေကို ပြဌာန်းခြင်းဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မညီညွှတ်လို့ သူ့အနေဖြင့် လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာကို ပြောကြားခဲ့ပါတယ်။ မျိုးစောင့်ဥပဒေ ရဲ့ ဘယ်အချက်တွေက လူ့အခွင့်အရေးစံနှုန်းတွေနဲ့ မညီတာ ဟု လိုတော့ တိတိကျကျ မပြောပြနိုင်ခဲ့ပါဘူး။

 ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောကြားချက်ကို သံယောင်လိုက်ပြီး NLD ပါတီဝင်တွေ၊ NLD ထောက်ခံသူတွေနဲ့ နာမည်ကြီး အနုပညာသည်အချို့က မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်နေတဲ့ ရဟန်းသံဃာတော်တွေ လူပုဂ္ဂိုလ်တွေကို ထိုးနက် တိုက်ခိုက်ပြီး ပုံနှိုပ်မီဒီယာမှာကို ပုပ်ခတ် စော်ကား ရေးသားလာကြတာ၊ ရန်သူကြီးများသဖွယ် ဆဲဆိုရမ်းကားရေးသားနေတာ အခုချိန်ထိပါပဲ။ မျိုးစောင့် ဥပဒေကို သေသေချာချာ မလေ့လာဘဲ ဒေါ်အောင်ဆန်းစုကြည် မထောက်ခံရင် ငါတို့လည်း မထောက်ခံနိုင်ဘူးလို့ ပြောကြားနေတဲ့ လူတွေကို တွေ့လိုက်ရတော့ အတော်ကလေးကို စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်" ဟု မဘသဆရာတော်တစ်ပါးက မိန့်သည်။

"အင်တာနက်မှာလည်း NLD ပါတီအစည်းအဝေးတစ်ခုက အသံဖိုင်ဆိုပြီး ပြန့်နှံ့နေတာ ဒကာတွေ လာပြလို့ နားထောင်လိုက်ရပါတယ်။ ဒီအတိုင်းဆို NLD ပါတီဟာ ဘာသာ သာသနာအတွက် စိုးရိမ်စရာ ဖြစ်လာ လိမ့်မယ်။ အခု ဘုန်းကြီးတို့ကို ဘာဖြစ်လို့ NLD က ရန်သူတော်ကြီးလို သဘောထားပြီး တိုက်ခိုက်နေတာလဲ။ NLD အမတ်တွေ သံဃာတော်တွေကို စော်ကားတဲ့ ကိစ္စကို ပါတီဥက္ကဌက လိုက်တောင်းပန်နေတယ် ဆိုတာဟာလည်း စဉ်းစားစရာပါပဲ။


ဒီ ဦးမင်းသူ ဆိုတဲ့ ဒကာကြီး ပြောခဲ့တာ မှန်ရင် ဦးမင်းသူကို အရေးယူဖို့ လိုပါတယ်။ ပါတီစည်းကမ်းနဲ့ အညီပေါ့။ အခုဟာက ဦးမင်းသူကို ခွင့်လွှတ်ပေးဖို့ ပါတီ ဥက္ကဌက တောင်းပန်တယ် ဆိုတဲ့ စဉ်းစားစရာ အများကြီး ဖြစ်နေတယ်။ အခု ဘုန်းကြီးတို့ကို တိုက်ခိုက်နေတာတွေက NLD ပါတီဝင်တွေ၊ တစ်နိုင်ငံလုံး အတူတူ ဖြစ်နေတယ်။ 

ဒါက NLD ပါတီဥက္ကဌရဲ့ လမ်းညွှန်ချက်လား သံသယ ဖြစ်စရာ သိပ်ကောင်းတယ်။ ဆရာတော်ကြီးကတော့ သတိပေးရုံပဲ ပေးတာပါ။ ဘုန်းကြီးတို့ သဘောဆိုရင် လူသိထင်ရှား တောင်းပန်တဲ့အဆင့်ကို လုပ်သင့်တယ်။ ဦးမင်းသူ စော်ကားခဲ့တဲ့ နေပြည်တော်က သံဃာတော်တွေကို ကာယကံမြောက် ၀န်ချတောင်းပန်ဖို့ လိုတယ်" ဟု အင်းစိန်ရွာမ သံဃာ တစ်ပါးက မိန့်ကြားသည်။ 

၎င်းအပြင် သံဃာတော်များ ဆောင်ရွက်ကြိုးပမ်းနေသည့် အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို NLD ပါတီက နှောက်ယှက်ခြင်း မပြုဖို့ ကြေညာချက် တစ်စောင် လူသိထင်ရှား ထုတ်ပြန်ပေးရန် တောင်းဆိုသင့်ကြောင်း ၄င်းဆရာတော်က မိန့်သည်။ 

"အခု နောက်ဆုံး ကြားသိရတာက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုင်ပင်ပြီး အမျိုးစောင့် ဥပဒေ ၄ ခုကို ပယ်ချလိုက်တာ လို့ ပြောတယ်။ ဒီသတင်းသာမှန်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန် ရှိလာလိမ့်မယ်။ နိုင်ငံရေးအရ ထောက်ခံမှုတွေ ကျဆင်းမှာစိုးလို့ လူသိထင်ရှား တောင်းပန်တာမျိုး မလုပ်ချင်ဘူး ဆိုရင် အစကတည်းက သံဃာတွေကို လူသိထင်ရှား မစော်ကားနဲ့ပေါ့။ ဘုန်းကြီးခေါင်းကို တူနဲ့ထုပြီး ကန်တော့ ဆိုတာကိုလည်း စိတ်ထဲကပဲ ဆိုတယ် ဆိုတာကတော့ တော်တော် တရားကျဖို့ ကောင်းတယ် လို့ပဲ မြင်တယ်" ဟု မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။ 

ဥပဒေပြုပေးရန် လွှတ်တော်တွင် တာဝန်ရှိကြောင်း၊ တာဝန်မရှိ ဟု ဗြောင်ငြင်းခဲ့သော NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည်လည်း အမျိုးဘာသာ သာနာအကျိုးကို အနှောက်အယှက်ပြုရာ ရောက်ရှိနေကြောင်း၊ ဦးဝင်းမြင့်သာမက ဒေါက်တာ မြတ်ဥာဏစိုး အပါအ၀င် အခြားသေယာ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်ဟု သိရှိရကြောင်း၊


 ဒေါက်တာမြတ်ဥာဏစိုး ဆိုလျှင် အရက်မူးပြီး အပေါက်စောင့် ဥပဒေ ဟု ပြောကြားခဲ့သည် ဟု သတင်းထောက် အချို့ထံမှ သိရှိရကြောင်း၊ ဦးဝင်းမြင့်က အမျိုးဖျက်ဥပဒေဟု ဝေဖန်ခဲ့ကြောင်း၊ ဦးမင်းသူသာမက NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးမှာ အမျိုးဘာသာ သာသနာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည် ဟု သိရှိရကြောင်း အထက်မြန်မာုပြည် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော်တစ်ပါးက ပြောကြားသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး လူထုဆွေးနွေးပွဲများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး သံဃာများနှင့် ထိပ်တိုက်တိုးမှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။ 

ပြည်သူ့ အာဏာ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment