Pages

Tuesday, March 4, 2014

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မိုးတိမ်တောင် အန္တရာယ် သတိပြုရန်လို


RangonNewsDaily: March . 4 .2014
အနောက်တောင် မုတ်သုံလေ ရာသီဥတု မကျရောက်မီ မိုးဦး၊ လေဦး ကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်လာပြီး လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် အန္တရာယ်များ ရှိလာနိုင်ခြင်းကြောင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
မိုးတိမ်တောင်များ ရွေ့လျားရာလမ်း တစ်လျှောက်တွင် လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့အပြင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး လေပြင်းတိုက်ခတ်စဉ် မြေပြင် ရေပြင်လေမှာ တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်မည် ဖြစ်ခြင်းကြောင့် မိုးဦး၊ လေဦး ကာလအတွင်း အထူးသတိထား နေထိုင်ရန် လိုအပ်ကြောင်း အဆိုပါဌာနက ခန့်မှန်း သတိပေးထားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နေ့အပူချိန်များ မြင့်တက် လာနေသော်လည်း မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့ အတွင်း၌မူ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ခြင်း မရှိသေးကြောင်း မိုးလေဝ သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှ အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ် ပိုခဲ့သည့်အပြင် ဘော်လခဲမြို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် ချောက်နှင့် မင်းဘူးမြို့နယ်တို့တွင် ၃၉ ဒီဂရီ စင်တီဂရိတ်အထိ နေ့အပူချိန်များ မြင့်တက် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မုတ်သုံလေသည်၂၀၁၄ ခုနှစ် မေလအကုန်မှ စတင်ဝင်ရောက်မည် ဖြစ်ပြီး စက်တင်ဘာလအတွင်း ပြန်လည် ဆုတ်ခွာမည် ဖြစ်၍ ကြားကာလအတွင်း မိုးတိမ်တောင် အန္တရာယ်ကြောင့် မိုးကြိုးပစ် သေဆုံးမှုများ ရှိလာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ဦးထွန်းလွင်က သတိပေး ပြောကြားသည်။

မိုးတိမ်တောင် ဖြစ်စဉ်ကြောင့် နှစ်စဉ် မိုးကြိုးပစ် သေဆုံးမှုများ ရှိရာတွင် ၂၀၁၂ ခုနှစ်အတွင်းက သေဆုံးသူ ၆၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃ ဦး အထိရှိခဲ့ပြီး ၂၀၁၃ ခုနှစ် အတွင်း၌လည်း သေဆုံးသူဦးရေ ၄၀ ခန့် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment