Pages

Tuesday, March 4, 2014

ယူကရိန်းတွင် ရုရှားလိုလားသည့် သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျသွားသည့်နောက် ယူကရိန်း နိုင်ငံအတွင်း၌ ရုရှားဆန့်ကျင်သော အုပ်စုနှင့် ရုရှားလိုလားသော အုပ်စုများ ကွဲပြားလာ


RangonNewsDaily: March . 4 .2014
ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသတွင် ရုရှားစစ်တပ်များ ဖြန့်ကျက်ကျူးကျော်လာသည့် လုပ်ရပ်အပေါ် ကမ္ဘာ့နိုင်ငံခေါင်းဆောင် အများအပြားက ဝေဖန်ရှုတ်ချခဲ့ကြောင်း သိရသည်။ ယူကရိန်းတွင် ရုရှားလိုလားသည့် သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျသွားသည့်နောက် ယူကရိန်း နိုင်ငံအတွင်း၌ ရုရှားဆန့်ကျင်သော အုပ်စုနှင့် ရုရှားလိုလားသော အုပ်စုများ ကွဲပြားလာခဲ့သည်။

အထူးသဖြင့် ယူကရိန်း အနောက်ပိုင်းဒေသသည် ယာနူကိုဗစ်ခ်ျကို ဆန့်ကျင်ပြီး ခရိုင်းမီးယားကဲ့သို့ ရုရှားနှင့် ဆက်နွယ်နေသော အစိတ်အပိုင်းကမူ ကြားဖြတ် အစိုးရကို ကန့်ကွက်ခဲ့ကြသည်။ ထိုသို့သော အခြေအနေများ ဖြစ်ပေါ်နေစဉ်တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ရုရှားတပ်များက ခရိုင်းမီးယားရှိ ရုရှားအနွယ်များကို ကာကွယ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ယူကရိန်းသို့ ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းသည် ဆိုဗီယက် ယူနီယံခေတ်က ရုရှား၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ခဲ့သည်။

ကိယက်ဗ်မြို့တော်တွင် လက်ရှိ ယူကရိန်း ကြားဖြတ်အစိုးရသည် ရုရှားကို တွန်းလှန်ရန် ပြည်သူ့စစ်များအား တပ်လှန့် နှိုးဆော်ထားပြီ ဖြစ်သည်။ ခရိုင်းမီးယား၌ တပ်စွဲထားသော ယူကရိန်း တပ်ဖွဲ့များမှာမူ ရုရှားတပ်များ ဝင်ရောက်လာချိန်၌ သတိကြီးစွာ ပြန်လည် ဆုတ်ခွာလာခဲ့ကြသည်။ 


ယူကရိန်း ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် အာဆီနီ ယက်ခ်ဆီနွတ်ခ်က “ရုရှားရဲ့ လုပ်ရပ်ဟာ စစ်ကြေညာမှုပါပဲ”ဟု ဝေဖန်ခဲ့သည်။ ထို့အပြင် ယူကရိန်း အစိုးရက (၁၉၉၄)ခုနှစ်တွင် စည်းလုံးညီညွတ်မှု သဘောတူညီချက်အရ ယူကရိန်း နယ်နိမိတ်ကို ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ကာကွယ်ပေးမည်ဆိုသော ကတိအား လေးစားပါရန်လည်း နိုင်ငံခြား တိုင်းပြည်များအား တိုက်တွန်းခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်ကို (၁၉)ရာစု ပုံစံမျိုး ခေတ်နောက်ပြန်ဆွဲရန် ကြိုးစားနေကြောင်း ဝေဖန်ခဲ့သည်။ “သမ္မတပူတင်က တခြားနိုင်ငံ တစ်ခုကို ကျူးကျော်စေခဲ့တယ် ဆိုတာ တကယ့်ကို အံ့ဩစရာပါ။ ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ (၂၁)ရာစုမှာ နေထိုင်တာပါ။


 (၁၉)ရာစုတုန်းကလို တခြားနိုင်ငံ တစ်ခုကို ကျူးကျော်ချင်တိုင်း ကျူးကျော်လို့ မရနိုင်ပါဘူး”ဟု ကယ်ရီက ပြောကြားခဲ့သည်။ NATO မဟာမိတ်တို့ကလည်း ရုရှား၏ ယူကရိန်းနယ်နိမိတ်ကို ကျူးကျော်လာမှုသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်သည့် အခြေအနေမျိုးဟု သတိပေးခဲ့သည်။ ယူကရိန်း၏ ခရိုင်းမီးယားမှ ရေလက်ကြားကို ရုရှားက ထိန်းချုပ်လိုက်ခြင်းသည် တင်းမာမှုများကို ပိုမိုဆိုးရွား မြင့်တက်လာစေခဲ့သည်။

“NATOနဲ့ မဟာမိတ်တွေက ယူကရိန်းရဲ့ အချုပ်အခြာ အာဏာ တည်မြဲမှုကို ဆက်လက်ပြီး အထောက်အပံ့ပေး ရပ်တည်သွားပါမယ်။ ရုရှားဟာ ယူကရိန်းသာမက ဥရောပ တစ်တိုက်လုံးရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို စတင်ခြိမ်းခြောက်လာတာပါပဲ”ဟု NATO မဟာမိတ်တပ်ဖွဲ့များ၏ အကြီးအကဲ အန်းဒါးစ်ဖော့ဂ် ရက်စ်မက်ဆန်က ပြောကြားခဲ့သည်။ မော်စကိုရှိ ပူတင်အစိုးရသည် ယူကရိန်းတွင် ပြည်သူ့ဆန္ဒဖြင့် အသစ်ပေါ်ပေါက်လာသော အစိုးရကို အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲဖြစ်ပြီး ယာနူကိုဗစ်ခ်ျသည်သာ တရားဝင် ယူကရိန်း သမ္မတအဖြစ် မှတ်ယူကြောင်း ကြေညာထားသည်။

ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က “ဒါဟာ အာဏာသိမ်းမှု တစ်ခုပဲ။ ဒီလို လုပ်ဆောင်မှု တစ်ခုဟာ ဆိုးဆိုးရွားရွား မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပဲ။ နောက်ထပ် တော်လှန်ပုန်ကန်မှု တစ်ခုနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။ ပြီးတော့ နောက်ထပ် သွေးထွက်သံယိုတွေ ဖြစ်လာဦးမယ်”ဟု ၎င်း၏ Facebook ဝက်ဘ်ဆိုက် စာမျက်နှာတွင် ရေးသားခဲ့သည်။ 


ခရိုင်းမီးယားတွင် ရုရှားစစ်ဗိုလ်ချုပ်များသည် အခြေစိုက် စခန်း(၃)ခုသို့ ဖြန့်ကျက်ဝင်ရောက်လာပြီး ယူကရိန်းတပ်များကို လက်နက်ချ အညံ့ခံရန် အမိန့်ပေး တောင်းဆိုခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ရုရှားစစ်တပ်များက ခရိုင်းမီးယားကို အပြည့်အဝ ထိန်းချုပ်ထားလိုက်နိုင်ပြီဟု ကြေညာသည်။

ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် ယက်ခ်ဆီနွတ်ခ်က “အရေးပေါ်အဆင့် သတိပေးချက် ဖြစ်သွားပါပြီ။ ဒါဟာ ခြိမ်းခြောက်တဲ့ အခြေအနေတင် မကတော့ပါဘူး။ ဒါဟာ ကျွန်တော့်နိုင်ငံကို ရုရှားက စစ်ကြေညာလိုက်တာပါပဲ”ဟု ပြောကြားခဲ့သည်။ ကိယက်ဗ်တွင် ပူတင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်နေပြီး ပူတင်ကို ခေတ်သစ် အဒေါ့ဖ်ဟစ်တလာဟု စွပ်စွဲလျှက် ရှိကြသည်။ 


ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟော့ဂ်က “ခုဖြစ်စဉ်မှာ ယူကရိန်းရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာကို ထိခိုက်ခံလာရပြီ ဆိုတာကို ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်။ ဒါဟာ နိုင်ငံတကာ ရေးရာအရ လုပ်သင့်လုပ်ထိုက်တဲ့ အနေအထား မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ခဲ့ပါတယ်။ ဒီနှစ်မှာ ရုရှားက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် G-8 အစည်းအဝေးမှာ ဒါကို ဆန့်ကျင်ဖို့ တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ 

အနောက်နိုင်ငံများသည် ရုရှားနိုင်ငံ၊ ဆိုချီတွင် ကျင်းပမည့် မသန်စွမ်း ဆောင်းရာသီ အိုလံပစ်ကိုပါ သပိတ်မှောက်သွားရန် ဆော်ဩစည်းရုံးလျှက်ရှိသည်။ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်သည် ပူတင်ထံ တိုက်ရိုက်ဖုန်းခေါ် ဆွေးနွေးခဲ့ရာ ပူတင်က ရုရှားအနေဖြင့် လုပ်သင့်လုပ်ထိုက်သော အခြေအနေ ပမာဏမျှသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။ 


ယူကရိန်း၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ယူရီဆာဂျီယက်ဗ်က မိမိတို့နိုင်ငံသည် အနောက်အုပ်စု၏ အကူအညီကို လိုအပ်နေကြောင်း ဖွင့်ဟခဲ့သည်။ ရုရှားသည် တနင်္လာနေ့တွင်လည်း ခရိုင်းမီးယားကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး လုံခြုံရေး စံနှုန်းများကို ပိုမိုတင်းကျပ်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment