Pages

Friday, August 10, 2012

ကချင်အကျဉ်းသား ဦးဘရန်ရှောင် ချောင်းဆိုးသွေးပါ ဖြစ်နေဟုဆို


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲခံရ၍ တရားရင်ဆိုင်နေရသူ ဦးလထော် ဘရန်ရှောင်မှာ ချောင်းဆိုးသွေးပါ ဖြစ်နေ
သဖြင့် ကျန်းမာရေး ကုသရန် လိုအပ်နေသည်ဟု သောကြာနေ့ ရုံးချိန်းတွင်တွေ့ဆုံခဲ့သည် ဂျန်မိုင်ကောင်း အသင်းတော်မှ ဓမ္မဆရာ
 ဦးအောင်မြတ် က ပြောသည်။
ရင်ဘတ်တွင် နာကျင်၍ ချောင်းဆိုးသည့်အခါ သွေးပါနေသည်မှာ နှစ်ပတ်ခန့် ကြာပြီ ဖြစ်ကြောင်း ၎င်းအားပြောဆိုခဲ့ သည်ဟု မိနစ် ၂ဝ ကျော်ကြာ စကားပြောခွင့်ရခဲ့သူ ဆရာဦးအောင်မြတ် က မဇ္ဈိမကို ပြောသည်။ 

“သလိပ်ထဲမှာ သွေးတွေ ပါလာတယ်။ အဓိကတော့ ရင်ဘတ်နာတယ်လို့ ပြောပြတယ်။ နောက် သူပြောတာကမြန်မြန်ထွက်လာပြီး
ဆေးကုချင်ပြီလို့ သူက ကျနော်ကို ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။

သောကြာနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားလိုပြသက်သေ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းမြသန်း အား စစ်ဆေးမေးမြန်းခဲ့သည်ဟု အကျိုးဆောင် ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ဖမ်းဆီးထားစဉ်က စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့-စရဖက ခန္ဓာကိုယ်အနှံ့ နှိပ်စက်ခဲ့သည့် ဒဏ်ရာကြောင့် ဦးဘရန်ရှောင် အား ဆေးကုသခွင့်ပေးရန် ဇူလိုင်လ ၁၁ ရက်နေ့ တတိယအကြိမ်မြောက် ရုံးချိန်းတွင် တင်ပြခဲ့သော်လည်း ပြည်နယ် တရားသူကြီး ဦးမြင့်ထူး က ပယ်ချခဲ့သည်။

စစ်ပြေး ဒုက္ခသည်စခန်းအတွင်းမှ ဦးဘရန်ရှောင် အား ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲ ၃ ဖြင့် စွပ်စွဲ ဖမ်းဆီးခဲ့ပြီးနောက် KIO ဝန်ထမ်းဖြစ်သည်ဟု ထပ်မံစွပ်စွဲ၍ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ချင်းမိုင်(မဇ္စျိမ) 

0 comments:

Post a Comment