Pages

Saturday, May 23, 2015

စူပါမော်ဒယ်တယောက်၏ ဘ၀ကောက်ကြောင်း


RangonNewsDaily:: May . 23 .2015
အခုဖော်ပြမှာက ခရစ်တီယာနိုရိုနယ်ဒိုရဲ့ ရည်းစားဟောင်း၊ လက်ရှိ ဟောလိဝုဒ်မင်းသာ Bradley Cooper နဲ့စုံတွဲခုတ်နေတဲ့ စူပါမော်ဒယ် အိုင်ရင်းနားရှိခ်အကြောင်းပေါ့။ သူမဟာ လူမသိ သူမသိ ရုရှားမြို့လေးကနေ ကမ္ဘာကျော်ယောက်ျားတွေနဲ့ တွဲနိုင်တဲ့ အခြေအနေကို ရောက်ခဲ့တာပါ။ 
ရုရှားနိုင်ငံ Yemanzhelinsk မိုင်းတွင်းမြို့ကလေးမှာ ကြီးပြင်းခဲ့တယ်။ ဖခင်ဟာ ကျောက်မီးသွေးမိုင်းတွင်းလုပ်သားဖြစ်ပြီး အဆုတ်ရောဂါနဲ့ကွယ်လွန်ခဲ့ရတယ်။ ငယ်စဉ်က ဒေါက်ဖိနပ်တရံတောင် ၀ယ်မပေးနိုင်အောင် နွမ်းပါးတဲ့မိသားစုက ပေါက်ဖွားခဲ့တာပါ။ငယ်ငယ်က ပိန်လွန်းလို့ ဝါးခြမ်းပြားလို့အခေါ်ခံရတယ်။

"အေး နင်တို့ ၀ါးခြမ်းပြားလို့ခေါ်တဲ့ခန္ဓာကိုယ်နဲ့ပဲ လုပ်စားဦးမှာ၊ ဒီခန္ဓာကိုယ်ကြောင့်ပဲ ငါ နာမည်ကြီးဦးမှာ နင်တို့စောင့်ကြည့်နေ။"လို့ သူ့ကို ကုလားမခြေထောက်၊ ပဲလင်းမြွေ စသဖြင့် ခေါ်သူတွေကို ပြန်ခွပ်ခဲ့ပါတယ်။ ပြောတဲ့အတိုင်း ခုဆို သူဟာ ပိန်လျတဲ့ကိုယ်ကြောင့် ထမင်းစားရရုံမက ဝတ်ကောင်းစားလှတွေ ဝတ်နိုင်တဲ့အပြင် ကြိုက်ရာယောက်ျား ခေါင်းခေါက်ယူနိုင်တဲ့ စူပါမော်ဒယ်လ်ဖြစ်နေပါပြီ။

စီရိုနယ်ဒို၊ ဘရက်လီကူးပါးတို့နဲ့မတွဲခင် မော်ဒယ်ဘဝအစ မ်ာစကိုက သူဌေးတယောက်နဲ့ အရင်တွဲခဲ့ပါတယ်။ အဲဒီကိစ္စအကြောင့် အေဂျင်စီနဲ့သူနဲ့ ခွာပြဲခဲ့တယ်။ ခွာပြဲတယ်ဆိုတာထက် သူမက ခွာကို တမင်တကာ ဖြဲခဲ့တာပါ။ ဖြစ်ပုံက ဒီလို… သူ့ရဲ့ပထမဆုံးအေဂျင်စီ Exclusive ကနေ မော်စကိုမြို့က ပါတနာအေဂျင်စီကို ဓါတ်ပုံတွေပို့ပေးတယ်။ သဘောကျတဲ့သူကို မြို့ခေါ်၊ ဓါတ်ပုံရိုက်၊ သူကြွယ်အမျိုးသားတွေနဲ့ချိတ်ဆက်ပေး စသဖြင့် လုပ်ကြတယ်။ မေမြတ်နိုးတို့ကိစ္စ မှတ်မိကြရဲ့မဟုတ်လား။ အိုင်ရင်းနားနဲ့ အေဂျင်စီ ခွာပြဲတာ မော်ဒယ်လောကမှာ မဆန်းဘူး။ မြန်မာနိုင်ငံ မော်ဒယ်လောကမှာလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဥပမာ - ဂျွန်လွင်နဲ့ခင်ဝင့်ဝါ၊ မေမြတ်နိုးနဲ့လှနုထွန်းတို့ ကွဲကြပြဲကြ ခဲ့ဖူးပါတယ်။

အိုင်ရင်းနားအတွက် မော်စကို အေဂျင်စီက သူ့ထက်အသက် ၂ ဆလောက်ကြီးတဲ့ လူတယောက် တွေ့ထားပြီ။ ဒီဘက်ကလည်း ဒါကိုရိပ်မိတယ်။ အဲဒီမှာ သူ့မိခင်အေဂျင်စီက မော်စကိုကို လွှတ်သင့်မလွှတ်သင့် ဆွေးနွေးကြတယ်။
"ညည်းမှာ ရွေးစရာ ၂ လမ်းရှိတယ်၊ မော်စကိုကလူနဲ့ အိမ်ထောင်ပြုပြီး အိမ်ထောင်ရှင်မဘဝနဲ့ အရိုးထုတ်မလား၊ ဒါမှမဟုတ် အောင်မြင်တဲ့စူပါမော်ဒယ်ဘဝကို လျောက်လှမ်းပြီး ကိုယ့်ပိုက်ဆံကိုယ်ရှာစားမလား"လို့ Exclusive အေဂျင်စီတည်ထောင်သူ ကလီမန်ကို က သူမကို မေးတယ်။ သူမနဲ့ဆွေးနွေတာမှာ ကလီမန်ကိုအပြင် မန်နေဂျာအမျိုးသမီးတယောက်လည်း ပါတယ်။ သူတို့ ၂ ယောက်စလုံးဟာ မော်ဒယ်လုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့ အမျိုးသမီးတွေလို့ ဆိုတယ်။
"ဘယ်ကယောက်ျားလဲ၊ အန်တီတို့ပြောနေတာတွေ သမီး လုံးဝ မသိဘူး။ သမီးက အလုပ်ပဲလုပ်ချင်တာပါ"လို့ အိုင်ရင်းနားက ငိုယိုပြီးပြောပါတယ်။

ဒီလိုနဲ့ သူမ မော်စကိုအေဂျင်စီကို သွားဖို့ကိစ္စ ညှိနှိုင်းအောင်မြင်သွားတယ်။ အေဂျင်စီက ယုံကြည်တဲ့အတွက် လေယာဉ်လက်မှတ်ဝယ်ပေးပြီး မော်စကို ကို လွှတ်လိုက်တယ်။ အဲဒီတုန်းက အိုင်ရင်းနားအသက်က ၁၈နှစ်။ မော်စကိုလေဆိပ်ကအထွက် ဟိုဘက် အေဂျင်စီကလာခေါ်တဲ့ကားဘေးက ဖြတ်လျှောက်ပြီး "မည်သူမည်ဝါ ပိုင်ဆိုင်ကြောင်းမသိရသော ကားတစင်း"ပေါ် တက်လိုက်သွားလေရော။ဒါဟာ သူ့ဘဝမှာ ပထမဆုံး ယောက်မမြင်းစီးထွက်တာပါ။




အေဂျင်စီက ဖုန်းဆက်တော့ ဖုန်းကိုပိတ်ထား၊ သေသလား ရှင်သလား မသိ၊ ဘယ်လိုက်ရှာရမှန်းမသိ အေဂျင်စီဘက်မှာ ပြဿနာတွေ တော်တော်ဖြစ်ခဲ့ရတယ်။ အမှန်က ဒီကိစ္စတွေက ညှိညှိနိုင်းနိုင်းလုပ်ရင် ပြီးပါတယ်။ အေဂျင်စီက ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေရှိနေပေမယ့် ဒီဘက်မှာလည်း အားကိုးရမယ့်လူတယောက်က ရှိနေပြန်တယ်။
အေဂျင်စီကလူတွေနဲ့ပြန်တွေ့ပြီး အပြန်အလှန် ပြောဆိုကြတဲ့အပိုင်းတွေကို ချန်ထားလိုက်ပါ့မယ်။
မော်စကိုမော်ဒယ်လောကမှာ ကျင်လည်နေရာက နိုင်ငံတကာမော်ဒယ်လောကကို ဆက်လှမ်းဖို့ရှိနေသေးတယ်။ အားကစားသမားတွေလိုပဲ သူတို့မှာလည်း တောကနေမြို့၊ မြို့ကမှမြို့ကြီး၊ ပြီးမှပြည်ပနဲ့ အဲသလို အေဂျင်စီအဆင့်ဆင့်ကို ဖြတ်သန်းရတာပါ။ 

ဒါကြောင့် အင်္ဂလိပ်စကားပြောသင်ဖို့ မော်စကိုကလူကို စပြီးအပူကပ်တယ်။ ရုရှားမှာ အင်္ဂလိပ်စကားပြောသင်တန်း မရှိဘူးထင်တယ် အိုင်ရင်းနားက ဘိလပ်မှာသွားသင်ဖို့ ဂျီကျတယ်။ နေးတစ်စပီကာလို ပြောတတ်ချင်တာလဲ ပါမှာပေါ့။ အဲ စကားမစပ် အဲဒီအချိန်အထိ အိုင်ရင်းနားရှိခ် မဖြစ်သေးဘူး။ သူ့နာမည်အရင်းက “အိုင်ရင်းနား ဗယ်လယ်ရီအိဗ်နာ ရှိခ်အစ္စလာမ်မိုဗာ”။ အမေရိကသွားဖို့ ဗီဇာအခက်အခဲကြောင့်ရယ်၊ အနောက်တိုင်းသားတွေအတွက် ခေါ်ရခက်တဲ့နာမည်ဖြစ်နေတာကြောင့် နောက်မှ နာမည်ကို “အိုင်ရင်းနား ရှိခ်”လို့ ပြောင်းလိုက်တာ။ မြရင်က မေရီ၊ တင်မောင်သိန်းကနေ တင်မသီ လို့မည့်ခေါ်သလို ချက်ချင်းပြောင်းပစ်တာ။ ဒါပေမဲ့ ရှိခ်အစ္စလာမ်မိုဗာကနေ အိုင်ရင်းနားရှိခ်ကို ပြောင်းတာ မှတ်ပုံတင်တွေ၊ ပတ်စပို့တွေမှာပါ လိုက်ပြောင်းသလား သေချာမသိရဘူး။ နောင်မှာ အမေရိကားပြည်ဝင်ခွင့်ဗီဇာရပြီး ၂၀၀၇ မှာ Sports Illustrated မျက်နှာဖုံးရှင်တောင် ဖြစ်ခဲ့ပါပကောလား။

ဇာတ်လမ်းက ပြန်ဆက်မယ်ဆို မော်စကိုလူရဲ့ အထောက်အပံ့နဲ့ ဘိလပ်သွားပြီး အင်္ဂလိပ်စကားပြောတွေဘာတွေ လေ့လာဆည်းပူးခဲ့တယ်။ နောက်တော့ မော်ဒယ်အဖြစ်နဲ့ ပြင်သစ်ရောက်သွားတယ်။ ပါရီဆိုတာ ဖက်ရှင်မြို့တော်လေ။ အဲဒီမှာ ခက်ခက်ခဲခဲ နေခဲ့ရတယ်၊ တခါတလေ စားဖို့တောင် မရှိဘူးလို့ သူကပြောတယ်။

သူတို့မော်ဒယ်တွေအတွက်လည်း အမေရိကရောက်ဖို့က ရည်မှန်းချက်ပန်းတိုင်လို့ ဆိုတယ်။ ပါရီတို့ မီလန်တို့လို ဖက်ရှင်မြို့တော်တွေထက် ပိုပြီးမက်မောစရာ ဟိုမှာရှိတယ် ထင်တယ်။ စောစောကပြောသလို ပြင်သစ်မှာရှိနေတုန်း အမေရိကားက အေဂျင်စီတခုက ကမ်းလှမ်းတာခံရတယ်။ အဲဒီမှာ အိုင်ရင်းနားရှိခ်ဖြစ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် မော်စကိုကပုဂ္ဂိုလ်ရဲ့အထောက်အပံ့နဲ့ ပြည်ပထွက်ခွင့်ရခဲ့တဲ့ အိုင်ရင်းနားရဲ့ဘ၀ဟာ သောင်ပြင်မှာလွှတ်တဲ့နတ်သမီးတပါးလို တော်တော်လေးလှသွားပါပြီ။

နောက်တော့ ဘယ်လိုကဘယ်လို စီရိုနယ်ဒိုရင်ခွင်ထဲ ရောက်သွားလဲမသိဘူး၊ ၅ နှစ်လောက်တွဲပြီးမှ သကောင့်သားက တခြားကောင်မလေးတွေဆီကို ဖုန်းကနေတဆင့် ရည်းစားစာတွေလျောက်ပို့တာကို အိုင်ရင်းနားမိသွားပြီး ဇာတ်သိမ်းသွားတယ်။ ၅ နှစ်တောင်မြဲခဲ့တယ်ဆိုတော့ စီရိုနယ်ဒိုကို တကယ်ချစ်ခဲ့ပုံရတယ်။ သူတို့လောကမှာ ၁ နှစ်တွဲတယ်ဆို လွန်လှပြီ။ ဘာပဲဖြစ်ဖြစ် သူသည် ခေသူမဟုတ်တော့ကာ ခုနောက်ဆုံး လန်ဒန်မှာ American Sniper မင်းသား ဘရက်လီကူးပါးနဲ့ အနမ်းခြွေနေတဲ့ဓါတ်ပုံတွေကြောင့် အချစ်သစ်တွေ့သွားပြီလို့ ဆိုရမှာပေါ့။

သူ့ဘဝဟာ ရိုးရှင်းတဲ့ ရုရှားမြို့ငယ်လေးမှာ ဘဝကိုစခဲ့တာဆိုပေမယ့် အနေကုပ်ပေမယ့် ရွှေထုပ်တဲ့ မြပဝါလို့ဆိုရမယ့် မျိုးရိုး။ သူအချစ်ဆုံးနဲ့ သူ့အတွက်စံပြဆိုတဲ့ အဖေဘက်ကအဘွား ဂယ်လီနာဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်တပ်နီထဲမှာ သူလျှိုမအဖြစ် ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့သူပါ။

သူမရဲ့အဘိုး(အဘွားရဲ့အဖေ)က နာဇီတွေရဲ့ကျည်ဆံနဲ့ သေဆုံးခဲ့ရတာကြောင့် သမီးဖြစ်တဲ့သူဟာ နာဇီတွေကိုစိတ်နာပြီး ဆယ်ကျော်သက်အရွယ်မှာ တပ်နီထဲဝင်ခဲ့တယ်။ အိုင်ရင်းနား မော်ဒယ်လောကကိုခြေချတဲ့ ၁၈ နှစ်သမီးအရွယ်မှာ သူ့အဘွားက ဒုတိယကမ္ဘာစစ်ထဲ ဝင်နွှဲခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ အိုင်ရင်းနားရဲ့အဘွားက အခြေအနေ အချိန်အခါတွေ မတူတဲ့အကြောင်း ဓမ္မဒိဌါန်ကျကျ ရှင်းပြပါတယ်။ အိုင်ရင်းနားသာ ဒုတိယကမ္ဘာစစ်ကိုကြုံရင် သူ့လိုပဲကျော်ဖြတ်နိုင်မယ်ဆိုတာကို ယုံကြည်ကြောင်း အဘွားဂယ်လီနာက မကွယ်လွန်ခင်က ပြောသွားတယ်။

ဒါနဲ့ အိုင်ရင်းနားရှိခ်ဟာ တာတာ သွေးပါတယ်။ အဖေက တာတာ၊ အမေက ရုရှန်လူဖြူလို့ သိရတယ်။
ရည်ညွှန်း - ဒေးလီးမေးလ် ,News Watch(စောင့်ကြည့်သတင်းဂျာနယ်) , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment