Pages

Thursday, June 26, 2014

အမျိုးသားတစ်ဦး လျှပ်စစ်ဓာတ်ကြိုးပေါ် လဲကျရာမှ ဓာတ်လိုက်သေဆုံး

RangonNewsDaily:: June . 25 .2014
ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက် မိုးမောက် (၁) လမ်းထိပ်တွင် ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီခွဲခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ချော်လဲပြီး လျှပ်စစ်ဓာတ်ကြိုးပေါ် လဲကျရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း လှော်ကား နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ယင်းလမ်းတွင် နေထိုင်သူကို အောင်ပိုင်ဦးမှာ ၎င်း၏သူငယ်ချင်းနှင့် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်စဉ် လမ်းထိပ်တွင် ချော်လဲပြီး လမ်းဘေးသို့ အိကျကာ မြေကြီးနှင့် ကပ်နေသော ဓာတ်ကြိုးပေါ် လဲကျခဲ့ကြောင်း၊ ယင်းနောက် ဓာတ်လိုက်ပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း လှော်ကားနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ကောင်လေးက လက်ဖက်ရည်ဆိုင်သွားရင်း လမ်းကမိုးရေနဲ့ ချောနေတော့ ချော်လဲပြီး ဓာတ်ကြိုးပေါ် လက်ထောက်ပြီးကျတာ။ ဓာတ်ကြိုးကလည်း ပေါက်နေတော့ ဓာတ်လိုက်ပြီး လဲသွားတယ်၊ သူ့ သူငယ်ချင်းရယ် ဓာတ်လိုက်တဲ့ ကောင်လေးရဲ့ အဖေတို့က ဆေးရုံပို့ပေမယ့် လမ်းမှာဆုံးသွားတယ်” ဟု ဏ/၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။

ဓာတ်လိုက်ခံရသူမှာ ညာဘက် လည်ပင်း၊ ပခုံး၊ လက်မောင်း၊ လက်ချောင်းတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း၊ ယင်းဓာတ်လိုက် သေဆုံးမှုကို လှော်ကားနယ်မြေ ရဲစခန်းက သေမှုသေခင်း ၁၁/၁၄ ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးထံမှ သိရှိရသည်။

အလားတူ လှိုင်မြို့နယ် အမှတ် (၂) ရပ်ကွက်၊ သီရိ (၆) လမ်းရှိ ခြောက်လွှာတိုက်ခန်း၏ မီးဖိုခန်းတွင် ဇွန်လ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်က လျှပ်စစ်မီးဖို ပြုပြင်ရာမှ သားအမိနှစ်ဦး ဓာတ်လိုက်ကာ အသက် ၆၃ နှစ်အရွယ်ရှိ မိခင်သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းကလည်း ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက် လှည်းတန်းဈေး (၇) လမ်းထိပ်ရှိ ဓာတ်တိုင်တွင် သွယ်တန်းထားသည့် ဗို့အား ၄၀၀ ခန့်ရှိ လျှပ်စစ်ကေဘယ်လ်ကြိုး ပြတ်ကျရာမှ ဈေးသည်လေးဦး ဓာတ်လိုက်ခံရရာ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment