Pages

Thursday, June 26, 2014

သတင်းမီဒီယာ နည်းဥပဒေ ဇွန် ၂၈ တွင် လွှတ်တော်တင်မည်

RangonNewsDaily:: June . 26 .2014
ပြည်တွင်းရှိ သတင်းမီဒီယာဌာနများ လိုက်နာရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ဥပဒေပညာရှင်များ ပူးပေါင်းရေးဆွဲသော သတင်းမီဒီယာ နည်းဥပဒေကို ဇွန်လ ၂၈ ရက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် လွှတ်တော်ကို တင်သွင်းမည် ဖြစ်ကြောင်း ယင်းကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ပြောကြားသည်။
သတင်းသမားများ သတင်းရယူရာတွင် အခက်အခဲ မရှိရန် တိကျသော ညွှန်ကြားချက်များပါရန် လုပ်ဆောင်ထားသော သတင်းမီဒီယာ နည်းဥပဒေကို ပွင့်လင်းမြင်သာမှု ရှိရန်နှင့် လိုအပ်ချက်များ မရှိရန် မီဒီယာဌာနများ၏ အကြံပြုချက်များကို ဇွန်လ ၂၇ ရက်နေ့ ညနေ နောက်ဆုံးထား၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ပေးပို့ရန် လိုကြောင်း ယင်းကောင်စီ အဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ နည်းဥပဒေတွင် သတင်းသမားများသည် သတင်းပေးပို့ရမည့် လူပုဂ္ဂိုလ်၊ သတင်းထုတ်ပြန်ရေး ကော်မတီကို သတင်းသွားရောက် ယူရာတွင် ယင်းကော်မတီက သတ်မှတ်သော အချိန်တစ်ခုတွင်း သတင်းပေးရမည် ဖြစ်ပြီး မပေးနိုင်ပါကလည်း သတင်းမပေးနိုင်တဲ့ အကြောင်းကို သတ်မှတ်ချိန်အတွင်း အကြောင်းပြန်ရန် လိုသည် ကဲ့သို့သော အချက်အလက်များ ပါဝင်ကြောင်း ဦးဇော်သက်ထွေးက ရှင်းပြသည်။

“သတင်းသမားတွေဟာ ဒီအခွင့်အရေးကို ရယူတာ သတင်းသမားတွေရဲ့ အခွင့်အရေးကို ရယူတာ မဟုတ်ဘူး။ ပြည်သူလူထုကို သတင်းတင်ဆက်နေတဲ့ တာဝန်ရှိနေတဲ့အတွက် ဒီအခွင့်အရေးကို ရယူထိုက်တယ်လို့ ယူဆတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲသော သတင်းမီဒီယာ နည်းဥပဒေတွင် သတင်းစာဆရာများကို အကာအကွယ်ပေးမည် ပုဒ်မများ မဖြစ်မနေ ပါဝင်ရန် လိုအပ်ကြောင်း စံတော်ချိန်သတင်းစာမှ တာဝန်ခံအယ်ဒီတာ ဦးလွင်မင်းဦးက ဆိုသည်။
“အရင် ဥပဒေတုန်းကလည်း လွှတ်တော်မှ ဆွေးနွေးတော့ အကာအကွယ်ပေးတဲ့ ပုဒ်မတွေ ပြုတ်သွားတယ်။ အခု နည်းဥပဒေမှာ ပါဖို့လိုတယ်” ဟု ဦးလွင်မင်းဦးက ပြောကြားသည်။

လတ်တလောတွင် သတင်းမီဒီယာ နည်းဥပဒေတွင် ပြန်လည်ပြင်ဆင် ဖြည့်စွက်ရန် ပြည်တွင်းသတင်းမီဒီယာများထံမှ အကြံပြုချက် ၁၃ ချက် ရရှိထားပြီး ထပ်မံအကြံပြုချက်များကို ဇွန် ၂၇ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် လိုကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။

The Voice Weekly , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment