Pages

Tuesday, July 9, 2013

တောင်ဥက္ကလာစီမံကိန်းအတွင်း မူလတန်းကျောင်းနှင့် ရပ်ကွက်သားများ မြေပိုင်ဆိုင်မှု အငြင်းပွား

ရန်ကုန်၊ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက် စီမံကိန်း (၁) နယ်မြေအတွင်း အမှတ် (၂၆) အခြေခံပညာ မူလတန်းကျောင်းနှင့် ရပ်ကွက်နေ ပြည်သူများကြား မြေပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက The Voice သို့ပြောကြားသည်။ အငြင်းပွားလျက်ရှိသော မြေနေရာသည် ပိုင်ဆိုင်မှုဂရန် မရှိသေးသည့် စာသင်ကျောင်းဧရိယာ အတွင်း တည်ရှိပြီး အဆိုပါ မြေနေရာပင်လျှင် တပ်မတော်သားမိသားစုများ နေထိုင်ရန်အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း စလစ်ချပေးခဲ့သဖြင့် နိုဝင်ဘာလတွင် အိမ်အလုံးပေါင်း ၄၅ လုံးဆောက်လုပ် နေထိုင်လျက်ရှိကြောင်း အဆိုပါမြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပြဿနာကို ဝင်ရောက်ကူညီသည့် လောကနတ် လူမှုကူညီရေးအသင်း ကော်မတီဝင် ဦးသန်းနိုင်က ရှင်းပြသည်။

“စာသင်ကျောင်းဘက်က ပိုင်ဆိုင်မှုပြဖို့ ဂရန်မရှိဘူး။ လက်ရှိနေတဲ့ သူတွေမှာ စလစ်တွေရှိကြတယ်။ ကျွန်တော့်ရပ်ကွက် အုပ်ချုပ်ရေးရုံးလည်း ဂရန်မရှိဘူး။ ဝန်ကြီး ဌာနပိုင်၊ နိုင်ငံပိုင် အဆောက်အအုံတွေမှာ ပိုင်ဆိုင်မှုဂရန် ရှိသင့်တယ်” ဟု ၎င်းကရှင်း ပြသည်။

အခြေခံပညာ မူလတန်းကျောင်း ဖွင့်လှစ်၍ ကလေးငယ်များကို စာသင်ကြားပေးနေသည်မှာ ၁၉၇၂ ခုနှစ်မှစ၍ ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်း ၄၀ကျော်ခန့် တည်ရှိနေသောကြောင့် ပိုင်ဆိုင်ခွင့်ဂရန်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ တင်ပြခဲ့ပြီး ကျောင်းဂရန်အတွက် ငွေပေးသွင်းရန်သာ ကျန်ရှိနေကြောင်း အငြင်းပွားနေသည့် မူလတန်းကျောင်းမှ မိဘဆရာအသင်းဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ပြောကြားသည်။

ကျောင်းပိုင်ဆိုင်သည် မြေနေရာသည် ၁ ဒသမ ၇ဧက ရှိကြောင်း၊ လက်ရှိဆောက်လုပ်ထားသည့် အိမ် ၄၀ ကျော်သည် ကျောင်းဧရိယာ အတွင်း တည်ရှိကြောင်း အဆိုပါ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က စလစ်ရလို့ အိမ်ဆောက်တာ။ ကျောင်းဘက်က ဂရန်ရှိတယ်ဆိုရင် အချိန်မရွေး ဖယ်ပေးမှာပါ” ဟု အငြင်းပွားနေသော မြေနေရာတွင် ခုနစ်လခန့်အကြာ အိမ်ဆောက်လုပ် နေထိုင်သူ ဦးမောင်အေးက ပြောကြားသည်။

အဆိုပါ မြေအငြင်းပွားမှုကို အစည်းအဝေးထိုင်ကာ ဆုံးဖြတ်ချက်ချရမည် ဖြစ်သောကြောင့် လတ်တလောတွင် ဆုံးဖြတ်ချက်အဖြေကို ပြောကြားနိုင်ခြင်း မရှိကြောင်း တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇန်ဘို၊ ခိုင်စိုးလင်း
The Voice , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment