Pages

Tuesday, July 9, 2013

တရားမဝင် သစ်များ တွေ့ရှိကြောင်း တိုင်ကြားသူ တရားစွဲခံရ

July 9th, 2013

တရားမဝင် သစ်များ တွေ့ရှိကြောင်း သတင်းပေးပို့ တိုင်ကြားသူ ဒေါ်အိအိ ခိုင် ကို ခင်ဦးမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးမှူး (တောအုပ်ကြီး) ဦးသိန်းအောင်က ခင်ဦးမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ကြောင်း ဒေါ်အိအိခိုင်က The Voice သို့ ပြောသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အောင်ချမ်းသာ ရပ်ကွက်တွင် နေထိုင် သူ ဒေါ်အိအိခိုင် (၃၄ နှစ်) သည် ၎င်း၏ ရပ်ကွက်ထဲတွင် ပိုင်ရှင်ရှိသည့် တရားမဝင် သစ်များ ရောက်ရှိနေသဖြင့် မြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ရာ လာရောက် စစ်ဆေးသည့် အချိန်တွင် သစ်များ မရှိတော့ကြောင်း ကိုယ်တိုင် စုံစမ်းချက်အရ ရေကန်ထဲသို့ ပိုင်ရှင် ကိုယ်တိုင် တရားမဝင် သစ်များ လာရောက် ထားရှိမှုကို မြို့နယ် သစ်တော ဦးစီးဌာနနှင့် မြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ရာ တာဝန်ရှိသူတို့က လာရောက် သိမ်းဆည်းခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“သစ်တွေကို နှစ်တန် ကားနဲ့ သုံးခါ လာသိမ်းသွားတာ။ ဌာနက သုံးတန်ပဲ ဖမ်းမိတယ်လို့ ပြောပေမယ့် ငါးတန်လောက်ရှိတယ်လို့ မောင်းတဲ့ ကားသ မား က ပြောတယ်” ဟု ၎င်းက ပြောကြားသည်။

မြို့နယ် သစ်တောဦးစီးက ပိုင်ရှင်ရှိ တရားမဝင် သစ်များကို ပိုင်ရှင်မဲ့ တရားမဝင်သစ်ဟု ပြောင်းလဲကာ ဖမ်းဆီး ဖော်ထုတ်သဖြင့် တာဝန် သိ ပြည်သူ တစ်ဦးအနေဖြင့် ၂၀၁၃ ခုနှစ် မတ်၂၅ ရက် တွင် နိုင်ငံတော် ဒုတိယတမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ အမှုမှန် ပေါ်ပေါက်စေရန် တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း တိုင်ကြား ခဲ့သူ ဒေါ်အိအိခိုင်က ပြောကြား သည်။

၂၀၁၃ ခုနှစ် မေလ ၁၁ရက်နေ့တွင် သစ်တော ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးက လာရောက် ကြည့်ရှုခဲ့ပြီး အမှုမှန်အတိုင်း ဖြစ်ရမည် ဟု ပြောဆိုခဲ့ကာ တစ်လအကြာ ဇွန်လ ၁၁ ရက်နေ့တွင် ခင်ဦးမြို့နယ် တရားရုံးက သမ္မန်စာဖြင့် ဆင့်ခေါ်ကာ တရားစွဲဆိုခံရပြီး မိမိကို သစ်တော ဦးစီး ဌာနမှ ဦးသိန်းအောင် (တောအုပ်ကြီး) က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲ ဆိုခံရကြောင်း ၎င်းထံမှ သိရှိရသည်။

ခင်ဦးမြို့နယ် တရားရုံးတွင် မြို့နယ်တရားသူကြီး ဒေါ်ချိုချိုက ဇူလိုင်လ ၈ ရက်နေ့တွင် အမိန့်ချရန် စီစဉ်ခဲ့သော်လည်း ထပ်မံ၍ ဇူလိုင်လ ၁၀ ရက်နေ့ သို့ ချိန်းဆိုခဲ့ကြောင်း ဒေါ်အိအိခိုင်က ပြောသည်။

အဆိုပါ သတင်းပေး တိုင်ကြားသူ တရားစွဲဆိုခံရမှုကို ခင်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေ၊ ဦးအောင်ကျော်သန်း၊ ဦးအောင်မျိုးငြိမ်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်တို့ကို အသိပေးထားကြောင်း ၎င်းက ပြောသည်။

ခေတ်ဟောင်း စနစ်ဟောင်းမှ အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်
ရန်၊ အမှန်တရား ပေါ်ပေါက်ကာ တရားဥပဒေ စိုးမိုးရန်အတွက် အဆို
ပါ အမျိုးသမီးကို တိုင်ကြားမှုများနှင့် ပတ်သက်၍ ကူညီ ဆောင်ရွက်ပေး ရခြင်း ဖြစ်ကြောင်း ခင်ဦးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဦးဝင်းအောင်က ပြောကြားသည်။

အဆိုပါ တရားစွဲဆိုသည့် မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး (တောအုပ်ကြီး) ဦးသိန်းအောင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ခဏအကြာမှ ဖုန်းပြန်ဆက်ပါဟု ပြောဆိုပြီး ဖုန်းချခဲ့သဖြင့် နာရီ
ဝက်ခန့် အကြာတွင် ထပ်မံ ဆက်သွယ်ခဲ့ရာ စက်ပိတ်ထားသဖြင့်
ခေါ်ဆို၍ မရပေ။

Myawady , RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment