Pages

Tuesday, July 9, 2013

ဓာတ်ပုံသတင်းထောက်နှင့် ရွှေတိဂုံဘုရားလုံခြုံရေး အငြင်းပွားမှု ညှိနှိုင်းဆဲ

ရန်ကုန်၊ ဇူလိုင် ၈

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကဝင်ရောက်ညှိ နှိုင်းပေးသော်လည်း ဥရောပ ဓာတ်ပုံသတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ဦးလင်းဘိုဘိုနှင့် ရွှေတိဂုံစေတီတော် လုံခြုံရေးအကြား အငြင်းပွားမှုမှာ ညှိနှိုင်းဆဲအဆင့်သာ ရှိသေးကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အငြင်းပွားမှု ဖြေရှင်းရေး ကော်မတီမှ ဒေါက်တာ မျိုးသန့်တင်က ပြောကြားသည်။ ဓာတ်ပုံသတင်းထောက် ဦးလင်းဘိုဘိုက အဆိုပါ အငြင်းပွားမှုကို စာနယ်ဇင်းကောင်စီ (ယာယီ) သို့ အကူအညီ တောင်းခံမှုကြောင့် ဇူလိုင် ၈ ရက်နေ့တွင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကို စာနယ်ဇင်း ကောင်စီထံ ဖိတ်ခေါ်ကာ ညှိနှိုင်းခဲ့သည်ဟု ၎င်းက ဆိုသည်။

“အငြင်းပွားမှုဖြစ်တဲ့ နှစ်ဖက်လုံးနဲ့ ဆွေးနွေးပြီးသွားပါပြီ။ သူတို့တွေက ပြေလည်ဖို့ ဆန္ဒရှိတာကို သိရတဲ့အတွက် အငြင်းပွားမှုက ပြေလည်ဖို့ လမ်းစပေါ်လာပါပြီ။ ပြဿနာ သေးသေးလေးကနေ ကြီးမားသွားတာမျိုး မဖြစ်ဖို့ ညှိပေးနေပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။

ဦးလင်းဘိုဘိုကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး၏ သဘောထားအား ပြောပြ၍ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အငြင်းပွားမှု ဖြေရှင်းရေးကော်မတီထံမှ သိရသည်။

“ကိစ္စကတော့ မပြတ်သေးဘူး။ ကျွန်တော်တို့ ညှိနှိုင်းဆဲပဲ ရှိပါသေးတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကရုံး ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဆိုသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ညှိနှိုင်းဖြေရှင်းမှုကို စောင့်ကြည့်နေပြီး ၎င်း၏တောင်းဆိုချက်များသည် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား တစ်စုံတစ်ရာ မပါရှိသည့် တောင်းဆိုချက်များ ဖြစ်သောကြောင့် ဆက်လက်တောင်းဆိုနေမည် ဖြစ်ကြောင်း ဓာတ်ပုံသတင်းထောက် ဦးလင်းဘိုဘိုက ပြောကြားသည်။

“ကျွန်တော်ကတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းတာမျိုးပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုလည်း လက်ခံပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းဘုရင့်သမီးတော် ရွှေတိဂုံစေတီတော် လာရောက်ဖူးမြော်စဉ် ဓာတ်ပုံရိုက်ရန် ကြိုးစားရာမှ ဘုရားလုံခြုံရေးများနှင့် EPA ဓာတ်ပုံသတင်းထောက်တို့ အငြင်းပွားမှု ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းခဲ့သည့် တစ်နှစ်ခန့်ကာလအတွင်း အငြင်းပွားမှု ၁၂ မှုခန့် ဖြေရှင်းခဲ့ရကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အငြင်းပွားမှု ဖြေရှင်းရေးကော်မတီထံမှ သိရသည်။
The Voice Weekly ,  RangonNewsDaily
kolatt(PBDN): 9.7.2013

0 comments:

Post a Comment