Pages

Wednesday, March 13, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၃) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား


နေပြည်တော် မတ် ၁၂
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် ဥက္ကဌ  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၃) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၃) အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်သို့ အသစ်ပြန်လည်ရေးဆွဲပေးပို့ရမည့် ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း တို့ကို ဆွေးနွေးအတည်ပြုပေးကြရန် ဖြစ်ပါတယ်။


၃၁-၁၂-၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး(၃/၂၀၁၂) တွင် ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ၇-၁-၂၀၁၃ ရက်နေ့က ပေးပို့ခဲ့ပါတယ်။ 

ဒီကနေ့အထိ ကျင်းပပြုလုပ်နေဆဲ ဖြစ်တဲ့ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ဆဌမပုံမှန် အစည်းအဝေးတွင် ၂၀၁၃ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် ဆွေးနွေးခဲ့ကြပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြုပေးခဲ့သည်ကို တွေ့ရှိရပါတယ်။ ယင်းသို့ စီမံကိန်းဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲရသည့်အတွက် ပြင်ဆင်ရေးဆွဲထားသော စီမံကိန်းများနှင့်အညီ ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းကိုလည်း ပြန်လည်ရေးဆွဲပေးပို့နိုင်ပါရန် ပြည်ထောင်စု လွှတ်တော်က ၄-၃-၂၀၁၃ ရက်နေ့တွင် မိမိတို့ အစိုးရအဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။ 

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် စီမံကိန်းဥပဒေနှင့်အညီ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ယခုပြန်လည်ရေးဆွဲတင်ပြလာသော ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပေးကြဖို့ ဖြစ်ပါတယ်။

ယခု ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ရသုံး ခန့်မှန်းခြေ ငွေစာရင်း (ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ) အခြေအနေမှာ စုစုပေါင်း ရငွေ ကျပ် ၁၃၈၀၅.၃၈၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေကျပ် ၁၆၇၃၂.၂၈၅ ဘီလီယံ ဖြစ်သဖြင့် လိုငွေကျပ် ၂၉၂၆.၈၉၈ ဘီလီယံဖြစ်ပါတယ်။ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၅၉၂၄၈.၉၅၃ ဘီလီယံဖြစ်သဖြင့် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄.၉၄ % ဖြစ်ပါတယ်။ 

စုစုပေါင်းရငွေ၊ စုစုပေါင်း သုံးငွေနှင့် လိုငွေကိန်းဂဏန်းများသည်ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်အတည်ပြုထားသည့် ၂၀၁၃ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ကိုက်ညီအောင် ပြန်လည်ရေးဆွဲထားသည့် ကိန်းဂဏန်းများဖြစ်ကြပါတယ်။

 ပြည်ထောင်စုလွှတ်တော်က စီမံကိန်းဥပဒေကြမ်းကို ပြင်ဆင်ရာတွင် အချို့ စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ လျှော့ချခြင်းများကို ပြုလုပ်ပြီး အချို့စီမံကိန်းလုပ်ငန်းများကို ထပ်တိုးထည့်သွင်းစေခဲ့သည့်အတွက် အသုံးစရိတ်လျှော့ချမှုနှင့် အသုံးစရိတ် တိုးမြှင့်မှုတို့ကို တတ်နိုင်သမျှ ဘက်ညီစေရန် ဆောင်ရွက်ခဲ့သည့်အပြင် ရငွေလျာထားချက် အပိုင်းကိုပါ သက်ဆိုင်ရာ ဋ္ဌာနများနှင့် ညှိနှိုင်း၍ပြန်လည် ရေးဆွဲထားကြောင်း တွေ့ရှိရပါတယ်။
 

ယခင်တင်ပြခဲ့သည့် စာရင်းနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း (ပြည်ထောင်စု+တိုင်းဒေသကြီး/ပြည်နယ်) ၏ သာမန် အသုံးစရိတ်အပိုင်းတွင် ကျပ် ၃၄၃.၈၇၁ ဘီလီယံ တိုးမြင့်လာခြင်း၊ ငွေလုံး ငွေရင်း အသုံးစရိတ် အပိုင်းတွင် ကျပ် ၁၈၅.၇၅၃ ဘီလီယံ လျော့ကျသွားခြင်း၊ ကြွေးမြီအသုံးစရိတ် အပိုင်းတွင် ကျပ် ၁၀ ဘီလီယံ တိုးမြင့်လာခြင်းတို့ကို တွေ့ရှိရပြီး သာမန်ရငွေ အပိုင်းတွင် ၂၅၀ ဘီလီယံ တိုးမြင့်လာခြင်းနှင့် ကြွေးမြီရငွေ အပိုင်းတွင် ၉၂.၆၄၆ ဘီလီယံ လျော့ကျသွားခြင်းကို တွေ့ရှိရပါတယ်။

 ပြည်ထောင်စု အဆင့်တွင်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင်လည်း သာမန်သုံးငွေတွင် အပြောင်းအလဲ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော်(ကြည်း၊ ရေ ၊ လေ) ဝန်ထမ်းများရဲ့ လစာနှင့် စရိတ်နေ့စားလုပ်ခများကို ခေတ်ကာလ အခြေအနေနဲ့ ဆီလျော်မှုရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံစားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီ ဒေသရှိ ဝန်ထမ်းများ အတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့် ပြုနိုင်ရေးအတွက် ထည့်သွင်း လျာထားပါတယ်။

ယင်းသို့ လစာနှုန်းထားနှင့် ပင်စင်လစာနှုန်းထား တိုးမြှင့်ရန် လျာထားမှုများအတွက် နိုင်ငံတော်မှ ယခင်နှစ်ကထက် ကျပ် ၃၈၅ ဘီလီယံ ခန့်ကို ပိုမိုသုံးစွဲရမှာ ဖြစ်ပါတယ်။

၁-၁-၂၀၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ နိုင်ငံတော်သမ္မတက ပေးပို့ခဲ့သော နှစ်သစ်ကူး သဝဏ်လွှာတွင်လည်း ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို တစ်နှစ်ထက် တစ်နှစ် ပိုမို စနစ်ကျစွာ ပြဋ္ဌာန်းနိုင်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေး များကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားထားပြီးလည်းဖြစ်ပါတယ်။

ယခု ပြင်ဆင်ရေးဆွဲတင်ပြလာသော ရသုံးခန့်မှန်းခြေငွေစာရင်းများသည် ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်အတည်ပြုခဲ့သည့် ၂၀၁၃ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒကြမ်းနှင့် ကိုက်ညီစေရန် ပြန်လည် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ဘဏ္ဍာရေး ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေး အတည်ပြုပေးကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြုထားသော ၂၀၁၃ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေနှင့် ကိုက်ညီစေရန် ပြန်လည်ရေးဆွဲထားသည့် ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေ စာရင်းနှင့် ၂၀၁၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဒီကနေ့အစည်းအဝေးက ပြန်လည် အတည်ပြုထောက်ခံသည့် ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။

ကျင်းပနေဆဲဖြစ်တဲ့ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အထက်ပါ ရသုံးခန့်မှန်းခြေငွေစာရင်းနဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပြီးပါက ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတို့က ဦးဆောင်၍ ဘဏ္ဍာငွေ အရအသုံး လျာထားချက်ဘောင်များအတွင်း ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသား စီမံကိန်း ဥပဒေပါ ရည်မှန်းချက်များကို ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် ဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် နိုင်ငံသားအားလုံး၏ တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးကို ရည်မှန်း ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းများအား ခံစားခွင့်များကို အခြေအနေ အချိန်အခါနှင့် လျော်ညီစွာ တိုးမြှင့်ပေးပြီး သန့်ရှင်းသော အစိုးရ ( Clean Government) ဖြစ်ရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ် (Good Governance) ဖြစ်စေရေး လုပ်ငန်းစဉ်တွင် ဝန်ထမ်းများ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရန်လည်း ဦးတည်ဆောင်ရွက်လျက် ရှိပါတယ်။

 ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းများ၏ ရပိုင်ခွင့်ကို ပြည့်ပြည့်ဝဝ ခံစားရရှိစေရန်၊ ဝန်ထမ်းများ၏ ကိုယ်ရည် ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန်နှင့် အဖွဲ့အစည်း၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်၏ နှစ်စဉ် ရသုံးခန့်မှန်းခြေငွေစာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က စနစ်တကျ စိစစ်ရေးဆွဲတင်ပြပြီး အစိုးရနှင့် လွှတ်တော်အကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေခြင်းကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ မေခရိုစီးပွားရေးအခြေအနေကို စနစ်တကျလေ့လာ စောင့်ကြပ် ထိန်းညှိ ဆောင်ရွက်နေမှုကြောင့် လည်းကောင်း နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေမှာ ပိုမိုတိုးတက်ကောင်းမွန်မည့် အလားအလာများ တွေ့နေရပါတယ်။

နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် နှစ်စဉ်နိုင်ငံတော်၏ ရငွေတိုးတက်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပ အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲ အသုံးချဆောင်ရွက်ခြင်း၊ သုံးငွေ သုံးစွဲမှုများကိုလည်း အလေအလွင့်မရှိစေဘဲ စနစ်တကျ သုံးစွဲခြင်းများ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

 နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်အကောက် ဝင်ငွေများ တိုးတက်ရရှိစေရေး၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများထံမှ ရငွေများ တိုးတက်ရရှိစေရေး၊ အချို့သော ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို ပြည်ပ အကူအညီရငွေ၊ ပြည်ပမှ အတိုးနှုန်းသက်သာသည့် ချေးငွေများဖြင့် သုံးစွဲဆောင်ရွက်ရေး၊ ဌာနဆိုင်ရာ ရုံးအသုံးစရိတ်များ အောက်ခြေအဆင့်အထိ စနစ်တကျခွဲဝေသုံးစွဲရေး၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များ တိုးမြှင့်သုံးစွဲရာတွင် တိုက်ရိုက်အထောက်အကူပြုသော အသုံးစရိတ်များကို ဦးစားပေး သုံးစွဲရေး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် အားလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ အမျိုးသား စီမံကိန်းများနှင့်အညီ ရေးဆွဲထားသော ဘဏ္ဍာငွေ အရအသုံး လျာထားချက်အတိုင်း သုံးစွဲ၍ မိမိတို့၏ စီမံကိန်း ရည်မှန်းချက်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြပါ။ နိုင်ငံတော် ဘဏ္ဍာငွေများကို စနစ်တကျ အလေအလွင့်မရှိစေဘဲ ထိရောက်စွာ အသုံးချ ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ် ဆောင်ရွက်ကြပါ။ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ်လုံး စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်းမြင့်မားရေး၊ တစ်ဦးကျ ဝင်ငွေတိုးတက်ရေး တို့ကို မျက်ခြည်ပြတ်မခံဘဲ အလေးအနက်ထား ဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။


နိုင်ငံတော်သမ္မတရုံး
Rangonnewsdaily

0 comments:

Post a Comment