Pages

Friday, February 22, 2013

Google နှင့်တွေးစရာအပိုင်းအစများ

Google သည် အင်တာနက်တွင် တရားမဝင် ခိုးကူးမှုတွေကို ကူညီမှုနဲ့ စွပ်စွဲခံနေရသည်။ ခိုးကူးမှုများကို ထိထိရောက်ရောက် တားဆီးမှု ပြုမည်မပြုမည် ဆိုသည်မှာ တွေးစရာ ဖြစ်လာ၏။ Google တွင် သင်နှစ်သက်သော အဆိုတော်နာမည် သီချင်းနာမည် တစ်ခုခုက "download" နှင့်တွဲကာ ရိုက်ချလိုက်လျှင်
ထွက်ပေါ်လာသော ပထမစာမျက်နှာ၏ ရလဒ်များမှ အများစုမှာ အလကားရနိုင်သော MP3 Site များသာဖြစ်ပြီး တရားဝင် သယ်ယူနိုင်သည့် Site အနည်းငယ်သာ ပါဝင်၏။ ထို့ကြောင့် မူပိုင်ခွင့် ရှိသူများက ထိုအချက်ကို မကျေနပ်သည်မှာ မထူးဆန်းပေ။ 

ထို့အပြင် အစိုးရကလည်း Google အား ထို Site များကို ပိတ်ပင်ရန် တိုက်တွန်းနေ၏။ ရူးပတ်မားဒေါ့မှာ ကမ္ဘာ့နံပါတ်တစ် Search Engine အား မကျေနပ်သူများထဲတွင် ထိပ်ဆုံးမှ ပါဝင်၏။ မားဒေါ့၏ ကုမ္ပဏီမှာ ၂၀ ရာစုမြေခွေး အပါအဝင် ရုပ်ရှင်နှင့် မီဒီယာစတူဒီယိုများစွာကို ပိုင်ဆိုင်ထားသည်။ 

မားဒေါ့က Google သည် ခိုးကူးတို့၏ ခေါင်းဆောင်ဖြစ်ပြီး ရုပ်ရှင်များ ခိုးလွှင့်၍ ကြော်ငြာများ ရရှိနေသည်ဟု ဆို၏။ ထိုကိစ္စမျိုးမှာ မကြာခဏ ပြောနေကျဖြစ်ပြီး သီချင်းထုတ်လုပ်သူများကလည်း Google မှာ တရားမဝင် download လုပ်နိုင်သော Site များကို တရားဝင် စတိုးများထက် ပိုဦးစားပေးသည်ဟု ဆိုကြသည်။ 

ဂိမ်းကုမ္ပဏီများနှင့် ebook ထုတ်လုပ်သူများကပါ ဤသို့ဆိုသော်လည်း Google မှာ အားလုံး၏ မကျေနပ်ချက်များအား မကြားသလိုပင် ရှိနေ၏။

Google နှင့် DMCA?

US ကုမ္ပဏီတစ်ခု ဖြစ်သည့် Google မှာ DMCA takedown အမိန့်နှင့် သက်ဆိုင်၏။ မည်သည့် Site အား block လုပ်မည်ကို ဆုံးဖြတ်သည့် Digital Millennium Copyright Act ဖြစ်ပြီး တရားဝင် မူပိုင်ခွင့်ရှိသူမှ Google ထံစာဖြင့် (သို့) အင်တာနက်မှ တစ်ဆင့် ဆက်သွယ်ကာ သူတို့၏ မှတ်ပုံတင်ထားသော ပစ္စည်းကို ကူးချနေသည့် Site အား Link မလုပ်ရန် တားမြစ်နိုင်၏။ 


တားမြစ်ခံရသော Site မှပဲ block မလုပ်ရန် တားမြစ်နိုင်သလို စွပ်စွဲမှု မမှန်ကန်ပါကလည်း ပြန်၍ Link ချိတ်ဆက်ခွင့် ရှိ၏။ Google, Twitter နှင့် မိုက်ခရိုဆော့ဖ်၏ Bing အစရှိသည့် Site များမှာ တရားရုံးတွင် ထပ်မံတရားစွဲမခံရရန် ဤ act ဖြင့် US မှ ကာကွယ်ပေးထား၏။ 

ဤနည်းစနစ်မှာ နည်းလမ်းကျသလို ထင်ရသော်လည်း မူပိုင်ခွင့်ရှိသူများမှာ ပိုမိုထိရောက်သော အာဏာအား အလိုရှိကြသည်။ Google ကလည်း စွပ်စွဲမှုအများစုမှာ အခြေ အမြစ်မရှိဟု ထောက်ပြ၏။ Google ၏ အဆိုအရ 57% သော စွပ်စွဲချက်များကို ပြိုင်ဘက် ကုမ္ပဏီများမှ ပေးပို့ပြီး 37% မှာမူ တားမြစ်ရလောက်အောင် ခိုင်မာမှုမရှိဟု ဆိုသည်။ 

ဤကဲ့သို့ ဖယ်ရှားပေးရန် တောင်းဆိုချက်များကို Google တစ်ခုသာ ရရှိခြင်း မဟုတ်သော်လည်း Google မှာ သုံးစွဲမှု အများဆုံး Search Engine ဖြစ်၍ အများစုမှာ သူ့ထံသာ ဦးတည်လာနေ၏။

Twitter ဆိုလျှင် နိုဝင်ဘာ ၂၀၁၀ မှ စတင်ရေတွက်လျှင် တားမြစ်မှု 4410 ခုသာ ရှိခဲ့သည်။ Google မှာ ၂၀၁၁ ခု ဇန်နဝါရီလ တစ်လထဲ၌ပင် တားမြစ်မှုပေါင်း 21,558 မှုနှင့် ကြုံခဲ့ပြီး အများစုမှာ ၂၄ နာရီအတွင်း ရှင်းလင်းပေးရန် တောင်းဆိုကြ၏။ 


Google မှ ပြောရေးဆိုခွင့် ရှိသူက Google မှာ Copyright ကို လေးစားပြီး ခိုးကူးမှုများအား တိုက်ဖျက်နေကြောင်း မနှစ်က တစ်နှစ် အတွင်းမှာပင် web page ပေါင်း ငါးသန်းအား ပိတ်ပင်ခဲ့ကြောင်းနှင့် ခိုးကူးမှုအား တိုက်ဖျက်ရန် ဒေါ်လာသန်း ၆၀ ထိ ထပ်မံ ရင်းနှီးထားကြောင်း ဆို၏။

Google တွင် ရှာဖွေခြင်း?

ပိတ်ဆို့မှုများ များပြားလွန်းသည့်တိုင် Google မှ ရှာဖွေရသမျှ အဖြေများတွင် မေးခွန်းထုတ်စရာများ အများအပြား ရှိနေဆဲပင်။ အဓိက ပြဿနာမှာ ခိုးကူးများကို လွယ်ကူစွာ ရှာဖွေနိုင်၍ မဟုတ်ဘဲ တရားဝင် Download များကို ရှာဖွေရ ခက်ခဲခြင်းကြောင့် ဖြစ်သည်။


 "download" ဟူသော စာသားမပါဘဲ ရှာလျှင် တရားဝင် Site များကို အဓိကမြင်ရသော်လည်း Download ပါလာသည်နှင့် ခိုးကူးများကသာ စာမျက်နှာကို ကြီးစိုးထား၏။ Google ၏ သတ်မှတ်ချက်အရ တရားဝင် Site များမှာ တရားမဝင် ခိုးကူးများထက် အဆင့်နိမ့်နေ၏။ အသေးစိတ် အချက်အလက်များကို မသိရသော်လည်း Pages များမှာ အခြား Pages များနှင့် Link များများလုပ်၊ မလုပ်ပေါ်တွင် မူတည်နေ၏။ 

တရားဝင် Site များမှာ ဤကဲ့သို့ Link များများ ချိတ်ဆက်ခံရလေ့ ရှိသည်။ ထို့ကြောင့် MP3 download ရှာလျှင် iTunes ကဲ့သို့ တရားဝင် Site များထက် MP3 share site များ တက်လာခြင်း ဖြစ်သည်။ ထိုအချက်မှာ Google ၏ တည်ဆောက်မှု အားနည်းချက် ဖြစ်ပုံရပြီး Search marketing agency တည်ထောင်သူ ဂစ်ဘွန်က တရားဝင် Site များ အနေနှင့် တရားမဝင် Site များ အသုံးများသည့် Download Search Term များကို ဦးစားပေးနိုင်လျှင် Google ၏ စာမျက်နှာတွင် နေရာရလာနိုင်သည်ဟု ဆို၏။

ဂစ်ဘွန်က အဖြစ်နိုင်ဆုံး ရှင်းလင်းချက်မှာ Amazon နှင့် Apple ကဲ့သို့သော Site များမှာ သူတို့ Website ပေါ်တွင် ရှိသည်များအား ဖော်ပြပုံ မတူသောကြောင့်ဟု ဆို၏။ Apple ကော Amazon ပါ သီချင်း Download ယူနိုင်သော်လည်း MP3 ဟု သုံးနှုန်းထားပုံ မရကြောင်း ဂစ်ဘွန်က ဆိုသည်။ သူ၏ အလိုအရ လူအများသုံးသည့် Keyword များနှင့် လိုက်လံဆက်စပ်ကာ သုံးသင့်သည်ဟု ယူဆသည်။

သုံးစွဲသူများအား ရောထွေးစေခြင်း

မူပိုင်ခွင့် ရှိသူများမှာ တရားမဝင် သံသယဖြစ်စရာ Site များ Google တွင် များပြားလွန်းသဖြင့် သုံးစွဲသူများ ရှုပ်ထွေးကုန်သည်ဟု ဆို၏။ တရားဝင် သီချင်း၊ စာအုပ် စသည်တို့ ရှာရန် ဝင်လာသူများမှာ Google မှ Search တွင် တရားမဝင်သော Site များသာ တွေ့၍ ထို Site များမှပင် ကူးယူသွားနိုင်၏။ 


ORG (Open Right Group) မှ စာတမ်းအရ Google သည် တရားဝင် digital media ရှာသူများကို တရားမဝင် Site များထံ ခေါ်ဆောင်သွားနေသည်ဟု ရေးသားထားသည်။ ထို့ကြောင့် Google ကဲ့သို့ Search Engine မျိုးမှာ တရားဝင် Site များကိုသာ ဦးစားပေးသင့်သည်ဟု ဆို၏။ 

သို့သော် Google တွင် ဝင်ရောက်ရှာဖွေသူ မည်မျှက တရားဝင် Download အတွက် ဝင်ရှာမှန်းကိုလည်း ခန့်မှန်းရန် မလွယ်ချေ။ လေ့လာမှုများအရ တီးဝိုင်းနှင့် အဆိုတော်နာမည် ရှာဖွေမှုများသည် download နှင့် MP3 ရှာဖွေသူများထက် ပိုနည်းပြီး "Free" ဆိုသော စာလုံးသုံးကာ ရှာဖွေမှုမှာ ထိုထက် ပိုနည်းကြောင်း တွေ့ရသည်။ 

ထို့ကြောင့် လူများမှာ Google အား ရှာဖွေရန် သက်သက် အသုံးချပြီး တရားမဝင် "Free download" များ ရှာရန် သက်သက် သုံးသူနည်းပါးကြောင်း သတ်မှတ်နိုင်၏။ သို့သော် ဂီတပရိသတ်များမှာ Google Search ကြောင့် တွေဝေ မသွားဘဲ ဝယ်လိုသော သီချင်းများအား ရှာဖွေဝယ်ယူနိုင်ခြင်းကြောင့်ပဲ ဖြစ်နိုင်သည်။

ဆုံးဖြတ်ရန် ခက်ခဲသော ပြဿနာများ

Google ၏ ခိုးကူးကိစ္စအပြင် အခြားကိုယ်ရေးကိုယ်တာ ပြဿနာများ ပါရှိသေးသည်။ တရားဥပဒေအရ တားမြစ်ထားသည့် ညစ်ညမ်း Site များနှင့် ပတ်သက်၍လည်း Google မှာ အစစ်ဆေး ခံရဖူးသည်။ သို့သော် Google ၏ အလိုအရ web page တစ်ခု တရားဝင် မဝင် ဆိုသည်မှာ တရားရုံးမှ ဆုံးဖြတ်ရမည်ဖြစ်ပြီး ၎င်းတို့နှင့် မသက်ဆိုင်ဟု ဆိုသည်။ 


ထိုအယူအဆကို လက်ခံသူများ ရှိသလို အချို့ကလည်း Google တွင် တရားမဝင် Site များအား အလိုအလျောက် ဖယ်ရှားပစ်သည့် စနစ်အား ထားရှိစေချင်ကြသည်။ သို့သော် Google ၏ ပြဿနာမှာ အလိုအလျောက်တွက်ချက်မှု အရ Website များကို စီစဉ်ပေးထားခြင်း ဖြစ်သည်။ 

အလိုအလျောက် ရှာဖွေပေးသည့် စနစ်မှာထို Website တရားဝင်မဝင်ကို ထည့်သွင်းတွက်ချက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် Website တစ်ခု တရားဝင်မဝင် ဆိုသည်မှာလည်း ချက်ချင်းဆုံးဖြတ်၍ ရနိုင်သော ကိစ္စမဟုတ်ပြန်ချေ။ ထိုကဲ့သို့ ဆုံးဖြတ်ချက် ချရန်မှာလည်း လူတစ်ဦး တစ်ယောက်ထဲက ဆုံးဖြတ်နိုင်သော ကိစ္စမဟုတ်ပေ။

Google ဘာလုပ်သင့်သလဲ?

Googleမှာ အသုံးပြုသူများ မနှစ်သက်မည့် ကိစ္စကို လုံးဝလုပ်မည် မဟုတ်ပေ။ ဥက္ကဋ္ဌဖြစ်သူ အဲရစ်က US လွှတ်တော်အမတ်များနှင့် တွေ့ဆုံရာတွင် ကုမ္ပဏီ၏ အဓိက ရည်ရွယ်ချက်မှာ သုံးစွဲသူများ စိတ်ချမ်းသာရေး ဖြစ်သည်ဟု ဆို၏။ 


Google ၏ အောင်မြင်မှုမှာ သုံးစွဲသူများ လိုအပ်ချက်ကို အမြန်ဆုံး အတိအကျဆုံး ပေးနိုင်ခြင်းပေါ်တွင် မူတည်နေပြီး သုံးစွဲသူများမှာလည်း Google တွင် မရနိုင်သည့် အချက်အလက်များအား တခြားမှ ရနိုင်မည်ဖြစ်၍ မထူးခြားဟု ဆိုခဲ့သည်။ 

သို့သော် အစိုးရနှင့် မူပိုင်ခွင့်ရှိသူများကမူ Google ကို သူတို့အလိုကျ ပြုပြင်ပြောင်းလဲမှု လုပ်စေချင်ကြသည်။ တွေ့ဆုံပွဲ မတိုင်မီက တာဝန်ရှိသူများက Google ထံမှ ပူးပေါင်း ဆောင်ရွက်မည့် အဖြေမျိုးကိုသာ ရလိုကြသည်ဟု ဝန်ခံခဲ့၏။ အချို့ကမူ Google အား လက်ရှိအတိုင်း ရှိနေစေချင်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ရန် မလိုအပ်ဟု ယူဆကြသည်။ 

မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ Google မှ ဖိအားများအတိုင်း လိုက်နာ ၍ ပြုပြင်ပြောင်းလဲမှု လုပ်သည်ဖြစ်စေ မလုပ်ဘဲ ဒီအတိုင်းနေသည် ဖြစ်စေ လမ်းနှစ်သွယ်စလုံး မည်သည့်လမ်းကို ရွေးရွေး မကျေနပ်သူများ ရှိမည်သာ ဖြစ်သည်။

 

RND: 22.2.2013
Myanmar Online IT News

0 comments:

Post a Comment