Pages

Wednesday, February 27, 2013

သစ်ပါးလွှာစက်ရုံဝန်ထမ်းများ အစာအဆိပ်သင့်မှု ဒုတိယအကြိမ်ဖြစ်ပွား ၀န်ထမ်းခြောက်ဦး သေဆုံး၊ ၂၇ ဦး ဆေးဝါးကုသမှုခံယူနေရ

မုံရွာ၊ဖေဖော်ဝါရီ-၂၇
ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအုပ်စု ယက်ဖကျေးရွာအနီး လပြည့်နဂါးကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံမှ ၀န်ထမ်းများ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ အဆိုပါစက်ရုံမှ ၀န်ထမ်းအမျိုးသားခြောက်ဦး သေဆုံးပြီး ထမံသီတိုက်နယ်ဆေးရုံတွင် ၂၇ ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း သစ်ပါးလွှာစက်ရုံ ကုမ္ပဏီဝန်ထမ်းမိသားစုများက ပြောသည်။ “အခုသေဆုံးသွားတဲ့သူတွေ အားလုံးက မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက်က ၀န်ထမ်းတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ အစာအဆိပ်သင့်တုန်းကလည်း အိုးဘိုထောင်က အမျိုးသမီးတစ်ယောက်နဲ့ မြင်းမူမြို့က အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ 
ပထမဆုံး အစာအဆိပ်သင့်တုန်းက မြင်းမူမြို့က ၀န်ထမ်းတွေအားလုံး ပြန်ကုန်တယ်။ အစာအဆိပ်သင့်တဲ့ ၀န်ထမ်းတွေအားလုံး ဖေဖော်ဝါရီ ၁၁ ရက်တုန်းကတစ်ကြိမ် အစာအဆိပ်သင့်ခဲ့ရပြီး ဒုတိယမြောက် အစာအဆိပ်သင့်တာဆိုတော့ အစာကြောင့်လား ရေကြောင့်လား ဘာကြောင့်လဲဆိုတာ ကွဲကွဲပြားပြား သိချင်ပါတယ်”ဟု လပြည့်နဂါး သစ်ပါးလွှာကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရင်း အစာအဆိပ်သင့်မှုဝေဒနာ ခံစားနေရသူတစ်ဦး၏ မိဘဖြစ်သူကပြောသည်။

မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက်တွင် နေထိုင်သော ဦးဝင်းအောင်ကလည်း “တစ်လတည်း အစာအဆိပ်သင့်မှုဖြစ်တာ နှစ်ကြိမ်ဆိုတော့ မဖြစ်သင့်ဘူးဗျ။ အရင်တစ်ကြိမ်တုန်းက အစာအဆိပ်သင့်လို့ ဝေဒနာခံရတာ အခုတစ်ကြိမ်မှာ ကျုပ်တူနှစ်ယောက်စလုံး သေသွားပြီ။ စောစောပိုင်းဖြစ်တုန်းက မိဘဖြစ်သူနှစ်ဦးသာ အကြောင်းကြားတာ။ ကျန်တဲ့ဝန်ထမ်းတွေရဲ့ မိဘတွေကို အသိပေးတာမရှိဘူး။ အခုဖြစ်တော့လည်း သေသူတွေသာ အကြောင်းကြားတယ်။ ကျန်တဲ့ ၀န်ထမ်းမိသားစုဝင်တွေ ဖုန်းနဲ့ဆက်သွယ်တာတောင် ဖုန်းမကိုင်ဘူး။ အဆက်အသွယ်တွေ ဖြတ်ထားတာ”ဟုဆိုသည်။

ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအုပ်စု ယက်ဖကျေးရွာအနီး လပြည့်နဂါးကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လျက်ရှိသော လပြည့်နဂါးကုမ္ပဏီမှ ၀န်ထမ်း ၃၂ ဦးသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၆ နာရီအချိန် ထမင်းနှင့် ဂေါ်ဖီသုပ်စားသောက်ပြီးချိန်တွင် အစာအဆိပ်သင့်မှု ဖြစ်ပွား၍ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 
ထိုစက်ရုံဝန်ထမ်းများပင် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီခွဲအချိန် ထမင်းနှင့် ဆတ်သားခြောက်၊ ဘူးသီးနှင့်ပဲသီး ရောနှောချက်ပြုတ်ထားသော ဟင်းချိုတို့ကို စားသောက်ပြီးချိန်တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားသဖြင့် နေ့လယ် ၂ နာရီအချိန်၌ ထမံသီတိုက်နယ်ဆေးရုံသို့ ကျား ၁၈ ဦး၊ မ ၁၅ ဦး စုစုပေါင်း ၃၃ ဦး ဆေးဝါးကုသမှု ခံယူရကြောင်း သတင်းရရှိသည်။ 
ထမံသီတိုက်နယ်ဆေးရုံသို့ပို့ဆောင်ဆေးဝါးကုသမှု ခံယူနေစဉ် မောင်စည်သူ (၂၅)နှစ်၊ မောင်ကျောက်ဒိုး(ခ)ကျော်သူငြိမ် (၁၈)နှစ်၊ မောင်ကျော်မျိုးအောင် (၁၉)နှစ်၊ မောင်စိုးနိုင်ထွန်း (၂၀)နှစ်၊ မောင်ဖိုးလပြည့် (၁၈)နှစ်နှင့် ကိုဖြိုး(၁၉)နှစ်တို့သည့် အစာအဆိပ်သင့်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယက်ဖကျေးရွာအနီး လပြည့်နဂါးကုမ္ပဏီ သစ်ပါးလွှာစက်ရုံတွင် ၀န်ထမ်းအင်အား ၄၀ ခန့်ရှိပြီး ကုမ္ပဏီမှ ၀န်ထမ်းများအား စရိတ်ငြိမ်းစနစ်ဖြင့် နေ့စဉ်ချက်ပြုတ် ကျွေးမွေးကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မန္တလေးမြို့ လပြည့်နဂါးကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာတွင် "ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ ယက်ဖကျေးရွာမှာ လုပ်ကိုင်နေတဲ့ သစ်ပါးလွှာစက်ရုံက လပြည့်နဂါးကုမ္ပဏီက လုပ်ကိုင်နေတာ ရှိပါတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်၍ အဆက်အသွယ် ပြတ်တောက်နေပါသဖြင့် သိရှိခြင်းမရှိ၍ ပြန်လည်ပြောဆိုနိုင်ခြင်း မရှိပါ"ဟု ဖေဖော်ဝါရီ ၂၇ ရက် ည ၉ နာရီခွဲအချိန်တွင် လပြည့်နဂါးကုမ္ပဏီမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြန်လည်ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအုပ်စု ယက်ဖကျေးရွာရှိ လပြည့်နဂါးကုမ္ပဏီ တာဝန်ရှိသူအား ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

လပြည့်နဂါးကုမ္ပဏီ အစာအဆိပ်သင့်မှုကြောင့် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများကိုယ်တိုင် ဆေးဝါးကုသမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ 
အစာအဆိပ်သင့်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၁ ရက် ဖြစ်စဉ်တွင် ဂေါ်ဖီထုပ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဝါးအလွန်အကျွံ သုံးစွဲထားခြင်းကြောင့် ဖြစ်ပွားသည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသော်လည်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖြစ်ပွားသော အစာအဆိပ်သင့်မှုနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

RND: 27.2.2013
7Day News

0 comments:

Post a Comment