Pages

Thursday, January 24, 2013

ထားဝယ် စီမံကိန်းအနီးက ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေကို ဖျက်ဆီးနေ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်နေတဲ့ နေရာတွေနား က လျော်ကြေးမပေးရသေးတဲ့ ဥယျဉ်ခြံမြေတွေကို လုပ်ငန်းအကောင်အထည်ဖေါ်နေ တဲ့ ကုမ္ပဏီတွေက မီးရှို့ဖျက်ဆီးနေတာကြောင့် ဇန်န၀ါရီလ ၂၄ ရက်နေ့ ဒီကနေ့ ဥယျဉ်ခြံ ပိုင်ရှင် ၁၅၀ လောက်က သွားရောက် တားဆီးခဲ့ကြရာမှာ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထိန်ကြီးကျေးရွာက  ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ဒေါ်ချိုရဲ့ခြံ ၇ ဧကခွဲကို လာပြီး ဘူဒိုဇာနဲ့ ထိုးပြီး မီးရှို့နေတာ ၃ ကြိမ်ရှိပြီ၊ ၁ လပိုင်း ၃ ရက်နေ့တုန်းက သူတို့က ပိုက်ဆံပေးမယ် ဆိုပြီးတော့ ဒီမှာ ပိုက်ဆံလာစောင့်တာလည်း ပေးဘူး၊ အဲဒီလို လာပြီးလုပ်နေကြတယ်၊ အဲဒါ ဘယ်လိုလုပ်မှာလဲ၊ ဒီတိုင်းတော့ ခံနေလို့မရဘူး၊ မကျေနပ်လို့ လာတားနေကြတာ၊ ရွာသားတွေမရှိတဲ့အချိန် လာပြီးတော့ ရှို့နေကြပြီ တစ်ခါ အဲဒီလို လုပ်နေကြတာ”

ဒီကိစ္စနဲ့ ပက်သက်ပြီး ကုမ္ပဏီနဲ့ စီမံကိန်းတာဝန်ရှိသူတွေကို မေးမြန်းဆက်သွယ်တဲ့အခါမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို  ဒီကိစ္စဖြေရှင်းပေးဖို့ သူတို့အနေနဲ့ အကြောင်းကြားထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောင်ဖို့ လျာထားတဲ့ မြေနေရာဟာ စတုရန်း မီတာ တစ်ထောင်ရှိပြီး ဒေသခံ ၁၆ ဦး ပိုင်တဲ့ ဥယျဉ်ခြံမြေနေရာတွေဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဖို့ စက်မှုဇုန် ဧရိယာ ၂၀၄ စတုရန်း ကီလိုမီတာ လျာထားပြီး၊ အဲဒီစက်မှုဇုန်ထဲမှာ ရေနံဓာတုစက်ရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ သံမဏိစက်ရုံ၊ အကြီးစားစက်ရုံတွေ အပါအ၀င် စက်ရုံပေါင်း ၂၀၀ ကျော် ပါဝင်မယ်လို့ စုံစမ်းသိရပါတယ်။

RFA (Burmese)

0 comments:

Post a Comment