Pages

Monday, August 6, 2012

တနင်္သာရီမြစ်ဖျားတွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုများနှင့်အတူ တနင်္သာရီမြစ်ရေတက်လာပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်


တနင်္သာရီမြို့အထက်တန်းကျောင်း ရေမြုပ်နေမှုကို တွေ့ရပုံ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီမြစ်ရေမှာ မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့်တနင်္သာရီမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှာ ရေလွမ်းမှုများခံရလျက်ရှိကြောင်းသိရသည်။
 

တနင်္သာရီမြစ်ဖျားပိုင်းရှိ ထားဝယ်ဒေသဘက်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊တောင်ကျရေများစီးဆင်းလာခြင်းနှင့်အတူ တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှစတင်ကာ တဖြည်းဖြည်း မြှင့်တက်လာကြောင်း သိရသည်။ တနင်္သရီမြစ်ရေတက်လာခြင်းနှင့်အတူ တနင်္သာရီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ တနင်္သာရီမြို့နှင့် မြိတ်-တနင်္သာရီ-ကော့သောင်း ကားလမ်းများမှာ ရေလွမ်းမှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ရွှေလိပ်ပြာလမ်း ရေကြီးမှုမြင်ကွင်း
''တနင်္သာရီမြစ်ရေကပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ကျော်လောက်ကနေ တဖြည်းဖြည်း တက်လာနေတယ် ဇူလိုင်လ ၂၇ရက်နေ့မှာ မြို့တွင်းက မြေနိမ့်ပိုင်းကို စတင်ရေလွမ်းလာနေပြီး ယခုဆိုရင် တနင်္သာရီမြစ်ရေကမြို့ရဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ မွန်စု၊ ရွှေလိပ်ပြာ၊ စက်မှုဇုံနှင့် တခြားနေရာတွေကို ရေလွမ်းနေတယ် ၊ မြစ်ရေက နေ့တစ်ပေ ညတစ်ပေလောက်တက်လာနေပြီး ယခုဇူလိုင်လ ၃၁ ရက်နေ့မှာ ၂၆ပေအထိ တက်လာနေပြီ''လို့ တနင်္သာရီမြို့မှ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။
 တနင်္သာရီမြစ်ရေမှာ မြစ်ဖျားပိုင်းဖြစ်သော ထားဝယ်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းပါက မြစ်ရေတက်လာပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများသို့ နှစ်စဉ်နီးပါးမျှ ရေလွှမ်းလေ့ရှိကြောင်း သိရသည်။
ယခုနှစ်တွင် မြစ်ဖျားပိုင်းဒေသများနှင့် တနင်္သာမြို့၊ မြိတ်မြို့များတွင် နေ့စဉ်နီးပါးမျှ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်နေပြီး တနင်္သာရီမြစ်ရေမှာလည်း ယခင်နှစ်ကထက် ၂ ပေ ပိုမိုတက်လာကြောင်း သိရသည်။
တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့်နှစ်တွင် ၂၄ ပေအထိတက်ခဲ့ပြီး ယခုနှစ်တွင် ၂၆ ပေအထိတက်လာခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့ရေကြီးမှုကို ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ရပုံ
''တနင်္သာရီမြစ်ရေ အခြေအနေနှင့်ပတ်သက်ပြီး နေပြည်တော်က တာဝန်ရှိသူတစ်ဦးကို မေးမြန်းကြည့်တော့ မြစ်ဖျားပိုင်းမှာ မိုးဆက်ပြီး ရွာသွန်းနိုင်ပြီးမြစ်ရေလည်းထပ်တက်လာဖို့ ရှိတယ်လို့ပြောတယ် ၊ မြစ်အောက်ပိုင်းမှာ လည်း ပင်လယ်ရေခံနေမှုကြောင့် ရေကြီးမှုက နည်းနည်းရက်ကြာမယ်လို့ သိရတယ်။ 
ကျွန်တော်တို့ တနင်္သာရီမြစ်နှင့်ပတ်သက်ပြီး သိတဲ့သူ အတော်နည်းပါတယ်။ မြန်မာနိုင်ငံက တခြား မြစ်ကြီးတွေလို မြစ်ရေကြီးမှု အနေထားတွေ၊ စိုးရိမ်ရေမှတ်တွေကို ထုတ်ပြန်ပေးသင့်ပါတယ်။ အဲဒီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရွာတွေမှာ လူဦးရေတစ်သိန်းကျော်လောက်က တနင်္သာရီမြစ်ကို အမှီပြုပြီး နေထိုင်နေကြတာပါ။ ကားလမ်း အခက်ခဲတွေကြောင့် သူတို့ရဲ့ ဆက်သွယ်သွားလာမှုကလည်း မြစ်ကြောင်းခရီးကိုပဲ အားထားရပါတယ်။ ရွာအတော်များများက တနင်္သာရီမြစ်ကမ်းနားမှာ တည်ထားတာများပါတယ်။ 
တနင်္သာရီမြစ်အနေထားကို ဒေသခံတွေက မိရိုးဖလာနည်းတွေနှင့်သာ ခန့်မှန်းပြီးနေထိုင်ကြပါတယ်။ တနင်္သာရီမြစ်ရေ အရောင်ပြောင်းလဲလာမှုကြောင့် ဒေသခံတွေက ပြီးခဲ့တဲ့လကတည်းက ကြိုတင်ပြင်ဆင်ထားကြတော့ ဘာမှတော့ ထိခိုက်မှုတွေ မဖြစ်ခဲ့ပါဘူး''ဟု တနင်္သာရီမြို့ခံတစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။
ယခုလက်ရှိ တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာနှစ်ဆယ်ကျော် ရေလွမ်းခြင်းခံနေရပြီး တနင်္သာရီမြို့ပေါ်ရှိ အခြေခံစာသင်ကျောင်းများနှင့် ကျေးရွာများရှိ စာသင်ကျောင်းများမှာ ပိတ်ထားရကြောင်း သိရသည်။ 
ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော မြိတ်-တနင်္သာရီ-ကော့သောင်းကားလမ်းမှာလည်း ရေကြီးမှုကြောင့် ခရီးသွားများ အခက်အခဲ ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။ တနင်္သာရီ-ကော့သောင်းကားလမ်းရှိ လယ်တောင်ကျေးရွာအနီးတွင် ခရီးသည်များကို ကူးတို့များ၊ဖောင်များဖြင့် ပို့ဆောင်ပေးကာ ကားပြောင်း၍ တင်ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။
တနင်္သာရီမြို့ရှိ ဒေသခံအများစုမှာ ရေကြီးနေသော်လည်း မိမိတို့ နေအိမ်ရှိ အမြင့်ပိုင်းနေရာများ (ဒေသခံအခေါ်-ကျီစင်)တွင် လူများနေထိုင်နေပြီး တစ်ချို့ဒေသခံများကလည်း ဘုန်းတော်ကြီးကျောင်းနှင့် မြို့ရိုး အမြင့်ပိုင်းများတွင် နေထိုင်နေကြကြောင်း သိရသည်။ 
တနင်္သာမြို့မှာ ဒန်အိုးသဏ္ဍန်အနေထားအတွင်းတည်ထားပြီး နှစ်စဉ်နီးပါးမျှ မြစ်ရေကြီးလေ့ရှိသောကြောင့် မြို့နေလူထုနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မိုးရာသီအတွင်း သွားလာရန် လှေများ စီစဉ်ထားလေ့ရှိကြောင်း သိရသည်။ ယခုနှစ်မြစ်ရေ စတက်လာနေစဉ်က ပ၀ကျေးရွာအတွင်းမှ ပထမတန်း ကျောင်းသူတစ်ဦးမှာ ကျောင်းမှနေအိမ်သို့ ပြန်လာစဉ် ရေနှစ်မြုပ်သေဆုံး သွားခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
 တနင်္သာရီမြစ်ရေတက်လာနေမှုကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ မြိတ်ခရိုင်အတွင်းရှိ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများမှ တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group:

0 comments:

Post a Comment