Pages

Friday, September 12, 2014

ဆံပင်ရှည်ထားသည့် ကျောင်းသားကို ဆံပင်ညှပ်အပြစ်ပေးသော ကျောင်းအုပ် ပညာရေးမှူးထံ တိုင်ကြားခံရ

RangonNewsDaily:: September . 12 .2014
အခြေခံပညာ ကျောင်းများတွင် ကျောင်းသားများ ဆံပင်ရှည်မထားရန် တားမြစ်ထားသော စည်းကမ်းကို ဖောက်ဖျက်၍ ဆံပင်ရှည်ထားသူ နဝမတန်း ကျောင်းသား တစ်ဦးကို ဆံပင်ညှပ်အပြစ်ပေးသော ကျောင်းအုပ် ဆရာမကြီးကို ကျောင်းသား၏ မိဘက လာရောက် တိုင်ကြားထားကြောင်း ကြည့်မြင်တိုင်မြို့နယ် ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
ကြည့်မြင်တိုင်မြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကျောင်းအုပ် ဆရာမကြီးကို ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း၊ တိုင်ကြားသူ မိဘများကို လာမည့် ရက်ပိုင်းအတွင်း ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“စိတ်ဓာတ်ကြံ့ခိုင်မှုကို ထိခိုက်စေတယ်ဆိုတာ ဘာကိုပြောတာပါလဲ။ ဆံပင် အတိုညှပ်လိုက်လို့ စိတ်ဓာတ် လျော့သွားတာလား။ မြန်မာ ယဉ်ကျေးမှုအရနဲ့ ကျန်းမာရေးအရ ဆံပင်ရှည်မထားဖို့ ပြောတာပါ။ ဆံပင်အရှည်နဲ့ ကျောင်းသားတစ်ယောက် ကျောင်းစာ ကြိုးစားလုပ်နေတဲ့ အချိန် ဘယ်လို စိတ်ကြည်လင်မလဲ။ မျက်စိအာရုံလည်း ထိခိုက်စေတယ်။ အဲဒါကြောင့် ဆရာမကြီးက ညှပ်လိုက်တယ်လို့ ဖြေရှင်းထားတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယင်းကြောင့် တိုင်ကြားသူ ကျောင်းသား မိဘများဘက်က ထွက်ဆိုချက် ရရှိရန် ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း၊ ကျောင်းအုပ်ဆရာမကြီး၏ ထွက်ဆိုချက်အရ ဆံပင်ညှပ်ခံရသူ ကျောင်းသားသည် ကျောင်းစည်းကမ်းကို ဖောက်ဖျက်ပြီး ဆံပင်ရှည်ထားသည်ဟု ရှင်းပြခဲ့ကြောင်း ကြည့်မြင်တိုင် ပညာရေးမှူးရုံးထံမှ သိရသည်။

သို့သော် တိုင်ကြားသူ မိသားစုကမူ ၎င်းတို့ သားသမီးသည် ရုပ်ပျက်စေလောက်အောင် ဆံပင်မရှည်ဘဲ လူငယ်တစ်ဦး၏ စိတ်ဓာတ်၊ အရှက်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန် ကျောင်းအုပ်ဆရာမကြီးက လုပ်ဆောင် ခဲ့ကြောင်း၊ ကလေးငယ်ကို ပြောဆိုဆုံးမသည့် နည်းလမ်း မမှန်ကန်သည့် အတွက် တိုင်ကြားရခြင်း ဖြစ်ကြောင်း ယင်းတိုင်ကြားစာတွင် ရေးသားထားသည်။


အမှတ် (၃) အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းစည်းမျဉ်း စည်းကမ်းနှင့် မညီညွတ်ဘဲ ဆံပင်ရှည် ထားသဖြင့်ဟုဆိုကာ ယင်းကဲ့သို့ အပြစ်ပေးခဲ့ကြောင်း အဆိုပါ တိုင်ကြားစာတွင် ဖော်ပြထားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment