Pages

Friday, September 12, 2014

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီ ဆိုသည်မှာ မဟုတ်မှန်၊ ရေငုပ်သမားအချို့ နေရပ်ပြန်


RangonNewsDaily:: September . 12 .2014
လူပေါင်းများစွာ စိတ်ဝင်တစား သွားရောက် ကြည့်ရှုသည်အထိ ဖြစ်ပေါ်ခဲ့သည့် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ပေါင်းဆုံရာတွင် ရှာဖွေရေး လုပ်ဆောင်နေသည့် ရှာဖွေရေးအဖွဲ့ အနေနှင့် ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိထားပြီ ဆိုသည်မှာ မဟုတ်မှန်ကြောင်း ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ခဲ့သည့် ရေငုပ်သမားများက အတည်ပြု ပြောကြားသည်။
ခေါင်းလောင်းရှာဖွေရာတွင် ကော့သောင်းဒေသခံ ရေငုပ်သမား ရှစ်ဦး ပါဝင်ခဲ့ပြီး လေးဦးမှာ စက်တင်ဘာလ ၇ ရက်နေ့က နေရပ်သို့ ပြန်လာခဲ့ကြောင်း၊ ရှာဖွေမှု တစ်လတာအတွင်း ဓမ္မစေတီ ခေါင်လောင်းနှင့် ပတ်သက်ပြီး မည်သည့် သဲလွန်စမျှ တွေ့ရှိထားခြင်း မရှိဘဲ သင်္ဘောပျက် တစ်စီးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

သို့ရာတွင် ခေါင်းလောင်းကြီးကို ရှာဖွေရေးအဖွဲ့က တွေ့ရှိထားပြီဟု အဖွဲ့ခေါင်းဆောင် ဦးစံလင်းက သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

ယင်းအပြင် ခေါင်းလောင်းကြီးကို ကုန်းပေါ်သို့ တင်ဆောင်နိုင်ရန်အတွက် ဆိုင်းကြိုးများ ချည်နှောင်နေပြီ ဖြစ်ကြောင်း ရှာဖွေရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းကလည်း မီဒီယာများသို့ မကြာခဏ ပြောဆိုခဲ့သည်။
“ဦးစံလင်း ပြောတော့ တစ်လနဲ့ အပြီး ခေါင်းလောင်းရှာမယ် ပြောတယ်၊ အခု တစ်လပြည့်နေပြီ။ ဘာမှ မထူးခြားဘူး။ ဒီမှာက မိသားစုတွေ ရှိသေးတယ်။ ဒါကြောင့် ပြန်လာတာ တခြားအကြောင်းတော့ မရှိဘူး” ဟု နေရပ်ပြန်ခဲ့သည့် ရေငုပ်သမား ဦးဇော်ဦးက ပြောဆိုသည်။

ရေငုပ်သမားများ အနေနှင့် အဖွဲ့ခေါင်းဆောင် ဦးစံလင်း၏ ညွှန်ကြားချက် အတိုင်းသာ လုပ်ဆောင်၊ နေထိုင်ရပြီး မည်သည့် ထူးခြားချက်မျှ မတွေ့ရှိရဘဲ တစ်နေရာတည်းတွင် နေ့စဉ် ရှာဖွေနေခဲ့ရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
တွေ့ရှိထားသည့် သင်္ဘောပျက်တွင် နုန်းမြေများဖြင့် ပြည့်နေပြီး သင်္ဘောကိုယ်ထည်မှာလည်း ဆွေးမြည့်နေပြီ ဖြစ်ကြောင်း နေရပ်ပြန်ရာတွင် ပါဝင်ခဲ့သည့် ဦးသန်းညွန့်က ဆိုသည်။

ယင်းအပြင် ရေငုပ်သမားများမှာ ဆလုံလူမျိုး ၁၀ ဦး ပါဝင်သည် ဆိုသည်မှာ မဟုတ်မှန်ဘဲ ရေငုပ်သမား ရှစ်ဦးသာ ပါဝင်ပြီး အားလုံးမှာ ကော့သောင်း ဒေသခံများသာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။


“သင်္ဘောနဲ့ ပေ ၂၀ လောက် အကွာကိုပဲ နေ့တိုင်း ရှာနေရတော့ ထူးခြားမှု မရှိဘူး၊ တခြားနေရာ ပြောင်းရှာချင်တယ်၊ ဦးစံလင်းက ခွင့်မပြုတော့ ဘယ်သူမှ မလုပ်ကြဘူး၊ အခုတွေ့တဲ့ သင်္ဘောပျက်တောင် တစ်နေ့ ဦးစံလင်း အပါအဝင် အားလုံး အိပ်ပျော်နေတဲ့အချိန်မှာ ဦးက ရေထဲဆင်းသွားတယ်။ 


အဲဒီမှာ သောင်တူး သင်္ဘောနဲ့ (၁၀) ပေလောက် ကွာတဲ့ နေရာမှာ သင်္ဘောလို့ ယူဆရတဲ့အရာ သံခွံတစ်ခုကို တွေ့တော့ အကွင်းတစ်ခုမှာ ကြိုးနဲ့ ချည်ထားခဲ့ပြီး ပြန်တက်လာတယ်” ဟု ကော့သောင်း ရေငုပ်အဖွဲ့ ခေါင်းဆောင် ဦးသန်းညွန့်က ဆိုသည်။

ယင်းသင်္ဘောတွင် နဂါးများ ရှိနေပြီး နဂါးများ ကိုက်လိမ့်မည်ဟု ဦးစံလင်းက ပြောဆိုခဲ့မှုကြောင့် နောက်ရက်များတွင် အဆိုပါ သင်္ဘောရှိသည့် နေရာသို့ ထပ်မံ သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း ၎င်းကဆိုသည်။


သို့သော် အဆိုပါ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီး ကုန်းပေါ်သို့ ဆယ်ယူနိုင်ရေးအတွက် မူလသတ်မှတ်ထားသည့် အချိန်ကာလအပြင် နောက်ထပ် ၁၇ ရက် ထပ်မံတိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ခေါင်းလောင်းကြီးကို ဆိုင်းကြိုးများဖြင့် ချည်နှောင်နေပြီး ဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေး အဖွဲ့ဝင်များက ပြောဆိုထားသည်။


အဆိုပါ ခေါင်းလောင်းရှာဖွေမှုကို သတင်းထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် အစိုးရအနေနှင့် သွားရောက် စစ်ဆေးသင့်ကြောင်း မွန်သမိုင်း သုတေသနအသင်း အတွင်းရေးမှူး ဦးနိုင်ရဲဇော်က ပြောဆိုသည်။
ခေါင်းလောင်း ရှာဖွေမှုအတွက် ရှာဖွေမှု တစ်လတာအတွင်း ရေငုပ်သမားများကို ဦးစံလင်းအဖွဲ့က အသွားအပြန် ခရီးစရိတ်ကိုသာ ထောက်ပံ့ပေးခဲ့ကြောင်း ရေငုပ်အဖွဲ့ဝင် ဦးသန်းညွန့်က ပြောဆိုသည်။
“သွားတာကလည်း သာသနာ အကျိုးအတွက် လုပ်ဆောင်ဖို့ သွားတာပါ” ဟု ၎င်းကဆိုသည်။

ခေါင်းလောင်း ရှာဖွေရေးအတွက် သောင်တူးစက် ငှားရမ်းခ၊ ရေစုပ်စက်များ ငှားရမ်းခ အပါအဝင် တစ်ရက်လျှင် ကျပ် သိန်းခြောက်ဆယ် ကုန်ကျမည် ဖြစ်ကြောင်း ဦးစံလင်းက မီဒီယာများသို့ ပြောဆိုထားသည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ရှာဖွေရေးအဖွဲ့ကို စနစ်တကျ စိစစ်ခြင်းမရှိဘဲ ခွင့်ပြုထားမှုအပေါ် ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။


ရေငုပ်သမားများ နေရပ်ပြန်သွားခြင်း၊ ခေါင်းလောင်းကြီး တွေ့ရှိထားပြီဆိုသည့် သတင်းများ ထုတ်ပြန်ခဲ့ခြင်းများနှင့် ပတ်သက်၍ ခေါင်းလောင်း ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်း၊ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းနှင့် ရှာဖွေရေးအဖွဲ့ အရန်ကော်မတီဝင်များထံသို့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ဆက်သွယ်ရာတွင် မည်သူ့ကိုမျှ ဆက်သွယ်၍ မရခဲ့ပေ။

(Dawei Watch,LC) , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment