Pages

Friday, September 12, 2014

တောတွင်းမျိုးနွယ်စု အများအပြား ကျန်ရှိနေသေးသော ဤကမ္ဘာမြေ


RangonNewsDaily:: September . 12 .2014
အရှိန်အဟုန် ပြင်းထန်စွာဖြင့် တိုးတက် ပြောင်း လဲ နေသော ဤ ကမ္ဘာကြီး ပေါ်တွင် ပြင်ပ လူ့လောက နှင့် တစ်ခါဖူးမျှ မဆက်ဆံဖူး သေးသော တောတွင်းနေ မျိုးနွယ်စုများ ကျန်ရှိ နေသေးသည်ဟု ဆိုလျှင် စာဖတ်သူ ယုံနိုင် ပါမည်လား။ ရက်အင်ဒီးယန်း တောတွင်းသား များကို သမိုင်း စာမျက်နှာများ၊ ရုပ်ရှင်များ တွင်သာ မြင်ဖူး ခဲ့ကြသော မျက်မှောက်ခေတ် လူသားများ အဖို့ ဘရာဇီးနိုင်ငံ အမေဇုန် တောနက်ကြီး ထဲတွင် ရှေးကျောက်ခေတ် လူရိုင်းများနှင့် မခြား ယဉ်ကျေးမှု လွန်စွာ နောက်ကျနေသော တောတွင်းသားများ ကို ဇူလိုင်လ အတွင်းက တွေ့ရှိခဲ့ကြောင်း ဘရာဇီး အစိုးရက ကြေညာ ခဲ့သည်။
ဘရာဇီး အစိုးရပိုင် ရက်အင်ဒီးယန်း တောတွင်း မျိုးနွယ်စုများ ဆိုင်ရာ အေဂျင်စီ Funai က လွန်ခဲ့သော ရက်ပိုင်းခန့်က ရက်အင်ဒီးယန်း တောတွင်းနေ လူမျိုးစု ခုနစ်ဦးကို တွေ့ရှိ ခဲ့ကြောင်း ဇူလိုင် ၁ ရက်က ထုတ်ပြန် ကြေညာ ခဲ့သည်။ ၄င်းတို့နှင့် ပထမဆုံး အကြိမ် တွေ့ဆုံရာတွင် ရန်မူခြင်းမ ရှိဘဲ ပီရူးနိုင်ငံ နယ်စပ်အနီးရှိ တောတွင်းရွာ ကလေးတစ်ရွာ သို့ပင် အလည်အပတ် ရောက်ရှိ ခဲ့သည်။

ကံကောင်း ထောက်မစွာဖြင့် ၄င်း ရက်အင်ဒီးယန်း မျိုးနွယ်စုများ ပြောဆိုသော ဘာသာစကား နှင့် နီးစပ်သော ပါနိုအန် ဘာသာစကား ကို ပြောဆိုကာ တစ်ဖက်နှင့် တစ်ဖက် နားလည် နိုင်ခဲ့ရာ ရက်အင်ဒီးယန်း များက ၄င်းတို့ကို ပြင်ပကမ္ဘာမှ လာရောက် သူများက ပြင်းပြင်း ထန်ထန် တိုက်ခိုက်ကြောင်း၊ ထို့ကြောင့် ၄င်းတို့၏ ဘူမိနက်သန် တောတွင်း ဒေသကို စွန့်ခွာကာ မြို့၊ ရွာများ အနီးသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောပြသည်။

အသေးစိတ် မေးမြန်း ကြည့်သော အခါ ပြင်ပကမ္ဘာမှ ပုဂ္ဂိုလ်များက ၄င်းတို့၏ သက်ကြီး ရွယ်အိုများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အိမ်များကိုလဲ မီးရှို့ ခဲ့ကြောင်း၊ ၄င်းတို့မှာ ပီရူးနိုင်ငံမှ တရားမဝင် သစ်ခိုးထုတ် သူများ၊ ကိုကင်း မှောင်ခိုကူး သူများ ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရှိ ခဲ့ကြသည်။ ဖော်ပြပါ ဝိသမ လောဘသား များမှာ အင်အား ကောင်းလွန်းသည် ဖြစ်၍ ပီရူးနိုင်ငံ သာမက ဘရာဇီးနိုင်ငံ ကပါ ထိရောက်စွာ ဟန့်တား နှိမ်နင်းနိုင်ခြင်း မရှိကြောင်း နောက်ပိုင်းတွင် ဘရာဇီး အစိုးရ က ဝန်ခံခဲ့သည်။

''ဒီ ရက်အင်ဒီးယန်း တောတွင်းသား တွေဟာ ဘရာဇီး နယ်စပ်ကို အမှတ်မထင် ရောက်ခဲ့ကြတာ မဟုတ်ပါဘူး။ေ သချာကို ဦးတည်ပြီး ရောက်ခဲ့ကြ တာပါ။ သူတို့တစ်တွေ ဟာ တောတွင်းမှာ ကျွမ်းကျင်သလို မြို့၊ရွာ တွေဘယ်မှာ ရှိတယ်ဆိုတာ ကိုလဲ ကောင်းကောင်း သိကြပုံ ပေါက်ပါတယ်'' ဟု Funai ၏ သုတေသန လုပ်ငန်း ညွှန်ကြားရေးမှူး က ပြောပြသည်။

ဤ တွေ့ရှိချက် အရ ရက်အင်ဒီးယန်း တောတွင်းသား များသည် တောကြီး မျက်မည်းထဲ၌ သီးခြား နေထိုင်ပြီး ယဉ်ကျေးမှု ဟူ၍ နတ္ထိဖြစ်ကာ လူသားစား လူရိုင်းများ ဖြစ်ကြသည် ဟူသည့် အများ အတွေးမှာ ခိုင်လုံမှု မရှိဘဲ အကယ်စင်စစ် တွင် လူသူ အရောက် အပေါက် မရှိသော တောနက်ကြီးထဲ အဝတ်အစား နှင့် ခေတ်မီ အသုံးအဆောင် များ ကင်းမဲ့စွာ နေထိုင် နေကြ သော်ငြား တောတွင်းသား များသည် ပြင်ပ ကမ္ဘာကို အမြဲတစေ လေ့လာ နေပြီး ဝင်လမ်း၊ ထွက်လမ်း များကို သိရှိကြကာ ယဉ်ကျေးမှု အချို့ကိုပင် အတုယူ နေထိုင် နေကြခြင်း ပင်တည်း။

တောကြီး မျက်မည်းထဲ သီးခြား နေထိုင်ကြ ကုန်သော တောတွင်းသား များသည် လူသား ကမ္ဘာနှင့် လုံးဝ အဆက်အစပ် အထိအတွေ့ မရှိ ဆိုခြင်းမှာ မှန်ကန်မှု မရှိကြောင်း မနုဿ ဗေဒပညာရှင် များက ပြောသည် ဘရာဇီး နိုင်ငံ တစ်ဝန်း တောနက်ကြီး များတွင် သီးခြား နေထိုင် ကြသော တောတွင်း မျိုးနွယ်စုပေါင်း ၁ဝဝ ကျော် ရှိပြီး ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူး၊ ပါရာဂွေး နိုင်ငံတို့တွင် လည်း တောတွင်း မျိုးနွယ်စု အမြောက်အမြား ရှိနေသည်။ အမေရိကန် ပြည်ထောင်စု အနီး တွင်ပင် ပါပူအာနယူးဂီနီ နှင့် အိန္ဒိယ သမုဒ္ဒရာ၊ အန်ဒမန်ကျွန်း ၏ မြောက်ပိုင်း ဆင်တီနယ် ကျွန်းများတွင် ကမ္ဘာ့ ယဉ်ကျေးမှု နောက်အကျဆုံး တောတွင်း မျိုးနွယ်စု များစွာ ရှိနေကြောင်း
သုတေသီ များက အခိုင်အမာ ဆိုသည်။

၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား အစရှိသည် တို့ကို မည်သည့် နိုင်ငံအစိုးရ ကမှ စိုးစဉ်းမျှပင် မသိရှိဘဲ ၄င်းတို့၏ လူဦးရေကိုပင် အကြမ်းဖျင်းသာ ခန့်မှန်း နိုင်ကြသည်။ သို့သော်လည်း ၄င်းတို့သည် ခေတ်မီ လူ့ဘောင် လူ့အဖွဲ့အစည်း နှင့် ထိတွေ့ဖူး ကြသည်။ ထိတွေ့ရာ တွင်လည်း ရန်မူခဲ့ကြပြီး ပင်လယ်ပြင် ငါးဖမ်းသမား အချို့ကို သတ်ဖြတ် ခဲ့သည့် သာဓကများ ရှိခဲ့ဖူးသည် ကို တွေ့ရသည်။

သို့သော် တောတွင်း မျိုးနွယ်စုများ လူသတ်သည် အထိ အကြမ်းဖက် ခဲ့ခြင်းမှာ ကြောက်စိတ် အရင်းခံခြင်း ဖြစ်ပြီး ကိုယ့် ကိုယ်ကိုယ် ခုခံ ကာကွယ် ရန်သာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များ က ဆိုသည်။ လွန်ခဲ့သော ရာစုနှစ် များတွင် သာမက ၁ဝ စုနှစ်အတွင်း မှာပင် တောတွင်း မျိုးနွယ်စု များကို ပြင်ပကမ္ဘာ မှ ပုဂ္ဂိုလ်များက သတ်ဖြတ်ခြင်း၊ ဖမ်းဆီး ခေါ်ဆောင် ခြင်းများ ပြုခဲ့ ဖူးသည်။

ဥရောပ လူမျိုးများ အမေရိက တိုက်သို့ ပထမဆုံး အကြိမ် ရောက်ရှိ ခဲ့စဉ်က ဒေသခံ တောတွင်း မျိုးနွယ်စု များကို မျိုးသုဉ်းလု နီးပါး သတ်ဖြတ် ခဲ့ခြင်းကြောင့် တောတွင်း မျိုးနွယ်စု များက ပြင်ပကမ္ဘာမှ လူပုဂ္ဂိုလ် များသည် မကောင်း ဆိုးဝါးများ ဖြစ်ကြပြီး ၄င်းတို့နှင့် ဆုံမိလျှင် လက်ဦးမှု ရယူရန် လိုကြောင်း သမိုင်း အဆက်ဆက်၊ ခေတ် အဆက်ဆက် က စကား လက်ဆင့်ကမ်း ခဲ့ဟန် တူသည်။

သို့သော် ယခု နောက်ဆုံး ဘရာဇီးနိုင်ငံ တွင် တွေ့ရှိခဲ့သော မျိုးနွယ်စု များမှာမူ ထူးခြား နေသည်။ ရန်မူခြင်း အလျဉ်းမရှိ သည့်အပြင် ၄င်းတို့၏ ရွာထဲအထိ ကြည်ကြည် ဖြူဖြူ ဝင်ခွင့် ပေးခဲ့ကြရာ ၄င်းတို့သည် ပြင်ပကမ္ဘာ နှင့် ထိတွေ့ ဆက်ဆံ လိုကြပြီး ကြောက်ရွံ့ ထိတ်လန့် နေကြခြင်းသာ ဖြစ်ကြောင်း၊ ယခုလည်း မရဲတရဲ သွေးတိုးစမ်း သည့် အနေဖြင့် လူယောင် လူလုံးပြ ကာ အကဲစမ်းခြင်း ဖြစ်ကြောင်း၊ သုတေသီ များက ရန်မူမည့်ဟန် အလျဉ်းမပြ မှသာ အကြောက်ပြေ သွားကြပြီး လက်သင့်ခံ ဆက်ဆံခဲ့ခြင်း ဖြစ်သည် ဟု ယင်းေ တာတွင်း မျိုးနွယ်စုများ နှင့် ကိုယ်တိုင် ကိုယ်ကျ တွေ့ခဲ့ရသူ သုတေသီ တစ်ဦးက ပြောပြသည်။

တောတွင်း မျိုးနွယ်စုများ ကြောက်မည် ဆိုလည်း ကြောက်စရာပင်။ ၁၉၆ဝ မှ ၁၉၇ဝ ပြည့်လွန်နှစ် များအထိ ဘရာဇီး အစိုးရ က အမေဇုန်တော အုပ်ကြီးကို မြို့ပြ အိမ်ရာများ တည်ဆောက်ရန် သင့်လျော်သော နေရာအဖြစ် သတ်မှတ်ခဲ့ပြီး တောအုပ်ကြီးကို ခုတ်ထွင် ရှင်းလင်း ခဲ့သည်။ ထိုအခါ တောတွင်း မျိုးနွယ်စု များနှင့် ပက်ပင်း တိုးမိသော အခါ ဆက်သွယ် ပြောဆို နားလည် သဘော ပေါက်ရန် မကြိုးစား ခဲ့ဘဲ လုပ်ငန်းခွင် ကို အနှောင့်အယှက် ပေးသည် ဆိုကာ ရက်ရက် စက်စက် နှင်ထုတ်ခဲ့ပြီး ခုခံသူ များကို သတ်ဖြတ်ခဲ့ ကြသည်။ ၄င်းတို့၏ အိမ်ရာများကို ဘူဒိုဇာဖြင့် ထိုးခွဲ ဖျက်ဆီးစဉ် တွင်လည်း အိမ်ရှေ့မှ မဖယ်ဘဲ ရင်ဘတ်ကို ခံကတုတ် ပြုလုပ် နေကြ သူများကို
ကြိတ်နင်း သတ်ဖြတ် ခဲ့ဖူးသည်။

၁၉၉၆ ခုနှစ်ကလည်း ဘရာဇီး နိုင်ငံ ရွန်ဒိုးနီးယား ပြည်နယ် တောအုပ်ကြီးတွင် မျိုးနွယ်စု တစ်ခု၏ နောက်ဆုံး လူသားကို တွေ့ရှိ ခဲ့သည်။ ၄င်းသည် နောက်ဆုံး လူသား ဖြစ်သည်နှင့် အညီ တစ်ဦးတည်း နေထိုင်ပြီး တဲတစ်လုံးနှင့် မွေးမြူထားသော တောတွင်း တိရစ္ဆာန်အချို့ ကိုသာ တွေ့ရှိ ခဲ့ကြသည်။ ၄င်း၏ တဲအိမ် အနီးသို့ ချဉ်းကပ်သူ မှန်သမျှ ကို အိမ် ပတ်ဝန်းကျင်မှ လေးမြား ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် ထိုသူနှင့် တွေ့ဆုံရန် လက်လျှော့ လိုက်ကြပြီး ယင်း နေရာ တစ်ဝိုက်ကို လည်း ဘေးမဲ့ တောအုပ်ပမာ ထားရှိ ပေးခဲ့ကြရာ အဆိုပါ တောတွင်းသား သည် ယနေ့ထိတိုင် ယင်းနေရာ တွင်ပင် တစ်ယောက်တည်း ရှင်သန် နေဆဲ ဖြစ်သည်။

အချုပ် ဆိုရသော် ဤကမ္ဘာ ကြီးပေါ်တွင် ရှေးဟောင်း တောတွင်းနေ မျိုးနွယ်စု အများအပြား ကျန်ရှိ နေသေးသည်။ အချို့ မျိုးနွယ်စုများ မှာ ရာနှင့်ချီ၍ လူဦးရေ ရှိနေသေး သော်လည်း အချို့မှာမူ တစ်ဦး တည်းသာ ကျန်ရှိသော နောက်ဆုံး မျိုးဆက်များ ဖြစ်သည်။

၎င်းတို့ကို အစိုးရ အဖွဲ့များက ရှိမှန်းသာ သိပြီး တိကျသော အချက်အလက် များကို မဖော်ပြ နိုင်ပေ။ သို့သော် တောတွင်း လမ်းကြောင်းကို အသုံးပြု ကြသော မှောင်ခို ဒုစရိုက် လောက သားများနှင့် မကြာခဏ တွေ့ဆုံမိပြီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ် ခံနေကြ ရသဖြင့် ယင်း မျိုးနွယ်စုများ သည် သမိုင်း အစဉ်အလာ မပျတ် ပြင်ပကမ္ဘာ နှင့် လူပုဂ္ဂိုလ် များကို အထူး ကြောက်ရွံ့ နေကြဆဲ ဖြစ်သည်။ 

ယခု နောက်ဆုံး တွေ့ရှိခဲ့သော မျိုးနွယ်စု များသာလျှင် ပြင်ပကမ္ဘာ မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆက်ဆံ ပြောဆို ခဲ့ကြသဖြင့် များမကြာမီ ကမ္ဘာဦး အစ လူသားများ၏ သမိုင်းကြောင်း တွင် ကွင်းဆက် ပြတ်နေသည် များကို ဖြည့်စွက် နိုင်မည့် အထောက်အထား များ ရရှိနိုင်မည် ဟု သုတေသီ များက ယုံကြည် မျှော်လင့် နေကြောင်း လေ့လာရေးသား တင်ပြ လိုက်ရ ပါသည်။

PyiChitThar , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment