Pages

Monday, June 9, 2014

MH370 နှင့် ပတ်သက်၍ ခိုင်လုံသော သတင်းပေးနိုင်သူကို ဆုချီးမြှင့်ရန် ရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှု စတင်

RangonNewsDaily: June . 9 .2014
လွန်ခဲ့သော သုံးလအကြာတည်းက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ပေါ်တွင် လိုက်ပါသွားခဲ့သူများ၏ မိသားစုဝင် အများစုက ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍ 
တိကျခိုင်လုံသည့် သတင်းအချက်အလက် ပေးနိုင်သူ မည်သူ့ကိုမဆို ဒေါ်လာ ၅သန်းဆုချီးမြှင့်နိုင်ရန် ရန်ပုံငွေ မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဇွန်လ ၈ရက်က စတင်ခဲ့သည်။
“MH370 ဆုငွေ” လှုပ်ရှားမှုကို ရန်ပုံငွေမြှင့်တင်ရေး ဝက်ဘ်ဆိုဒ်ဖြစ်သည့် Indiegogoတွင် ပြုလုပ်မည်ဖြစ်ကာ၊ အနည်းဆုံး ဒေါ်လာ ၅ သန်းအထိ ရန်ပုံငွေမြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် အရေးကြီး သတင်းအချက်အလက် ပေးနိုင်သူကို ဆုချီးမြှင့်ရန် ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ထဲတွင် မိသားစုဝင်များက ဆိုထားသည်။

လူ စုစုပေါင်း ၂၃၉ဦး လိုက်ပါသွားခဲ့သော မလေးရှားလေကြောင်းလိုင်းပိုင် ဂျက်လေယာဉ်မှာ မတ်လ ၈ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေကျင်းသို့ အသွားလမ်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သူ ၂၃၉ ဦးအနက် သုံးပုံနှစ်ပုံခန့်မှာ တရုတ်များ ဖြစ်ကြသည်။

ဘိုးအင်း ၇၇၇ အမျိုးအစား ပျောက်ဆုံးလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့ကြောင်း ယူဆရပြီး၊ ပိုက်စိပ်တိုက် ရှာဖွေမှုများ အကြီးအကျယ် ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ
လေယာဉ်ပျက် အပိုင်းအစ ဘာတစ်ခုမျှ မတွေ့ရသေးရာ ထိုခရီးသည်များ၏ မိသားစုဝင်များမှာ မချင့်မရဲဖြစ်ကာ ဒေါသထွက်နေကြပြီး ဖုံးကွယ်မှု တစ်ခုခု ရှိလိမ့်မည်ဟု သံသယ ဝင်နေကြသည်။


“တစ်နေရာရာမှာ တစ်စုံတစ်ယောက်ဟာ တစ်ခုခုကို သိရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီဆုငွေဟာ အဲဒီသူ ထုတ်ဖော်ပြောကြားလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့
ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု နည်းပညာကုမ္ပဏီ တစ်ခု၏ အကြီးအကဲတစ်ဦးဖြစ်ကာ၊ “MH370 ဆုငွေ” စီမံကိန်းကို ဦးဆောင်နေသည့် Ethan Hunt က ဆိုသည်။

အမေရိကန် ခရီးသည် ဖိလစ်ဝု(ဒ်) (Philip Wood) ၏ ချစ်သူ Sarah Bajc ကလည်း၊ ထိုလှုပ်ရှားမှု၏ နောက်တွင် ပျောက်ဆုံးလေယာဉ်ပေါ်မှ ခရီးသည်များ၏ မိသားစုဝင်အချို့ ရှိနေကာ၊
မကြုံစဖူးသော လေယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆန္ဒဇော အသစ်များဖြင့် လှုပ်ရှားဆောင်ရွက်ကြလိမ့်မည်ဟု ဆိုခဲ့သည်။


“အစိုးရတွေနဲ့ အေဂျင်စီတွေဟာ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် လေယာဉ်ပျက် အပိုင်းအစ အထောက်အထား တစ်ခုတောင်မှ မတွေ့ခဲ့ကြပါဘူး၊ အဲဒါဟာ ချဉ်းကပ်ပုံ အမှားကြောင်း ဖြစ်နိုင်သလို၊ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက် ပိုတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း လွှဲလိုက်လို့လည်း ဖြစ်နိုင်ပါတယ်” ဟု ကြေညာချက်ထဲတွင် သူမက ဆိုထားသည်။

Ref: AFP
Mizzima - News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment