Pages

Thursday, June 19, 2014

တာဝန်ယူမှုမဲ့နေသည့် လမ်းမပေါ်မှအန္တရာယ်


RangonNewsDaily:: June . 19 .2014
ရန်ကုန်မြို့ သမိုင်းလမ်းဆုံ လူသွားစင်္ကြံတွင် အသက်(၂၀)အရွယ် လူငယ်
တစ်ဦး တုန်တုန်ချည့်ချည့်၊ စမ်းတ၀ါးဝါးနှင့် လမ်းလျှောက်လျက်ရှိသည်။ မိုးသည်းထန်စွာ ရွာထားသဖြင့် ဒူးလောက်နီးနီး ရှိနေသော ရေထဲတွင် လျှောက်နေခြင်းဖြစ်သည်။
ဇွန်လပထမပတ်အတွင်း ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်း
ခဲ့သည်။ ထို့ကြောင့် ထုံးစံအတိုင်း မြို့နေရာအနှံ့ ရေလျှံမှုများ ဖြစ်ခဲ့သည်။ ထိုသို့ ရေလျှံနေချိန်သည် ရန်ကုန်မြို့တွင်း သွားလာနေသူများအတွက်မူ အချိန်မရွေး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးစေနိုင်သကဲ့သို့ အသက်သေဆုံး
သည်အထိလည်း ဖြစ်နိုင်သည်။

‘‘အောက်မှာ ဘာရှိလဲ မမြင်ရဘူး။ မြောင်းကလည်း အဖုံးမရှိဘူးလေ’’ ဟု ဇွန်လ ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်း၍ ရေပင်လယ်ဖြစ်နေသော ရန်ကုန်မြို့ သမိုင်းလမ်းဆုံတွင် လမ်းလျှောက်နေသူ အသက်(၂၀)အရွယ် ကိုမင်းသီဟက ပြောသည်။
::
ရန်ကုန်မြို့ မြို့နယ်တိုင်းရှိ လမ်းဘေးရေမြောင်းအချို့တွင် အဖုံးများ မရှိတတ်။ အဖုံးရှိသော်လည်း ပေါက်သည့်နေရာပေါက်၊ နေရာမကျသည့် နေရာကမကျ။ ရေမြောင်းများသည် လေးပေ၀န်းကျင်ကျယ်ဝန်းပြီး အနက်မှာ ငါးပေ၊ ခြောက်ပေအထိရှိကာ အချိန်မရွေး ပြုတ်ကျသွားနိုင်သည့် အနေအထားဖြစ်သည်။ ၂၀၁၃ ခုနှစ် မိုးတွင်းကာလ၌ လမ်းဘေးမြောင်းထဲသို့ ပြုတ်ကျသေဆုံးသူ ခြောက်ဦးထိရှိခဲ့သည်။ ထိုခြောက်ဦးအနက် ကလေးငါးဦး ပါဝင်ခဲ့သည်။

‘‘ရေမြောင်းဖုံးတွေ လိုအပ်တဲ့နေရာတွေကို တင်ပြပြီး လုပ်ဆောင်ရမှာကို စည်ပင်ကမသိဘူး။ ခရီးသွားပြည်သူတွေ စိုးရိမ်နေတာလည်း မသိဘူး။ အထက်ကိုတင်ပြပါ။ ငွေတောင်းပြီးတော့ အောက်ခြေဆင်းပြီး ထိထိရောက်ရောက် လုပ်ဆောင်ပါလို့ စည်ပင်ကို ပြောချင်တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ပြောသည်။
::
၂၀၁၃ ခုနှစ် ဇူလိုင် ၂၇ လအတွင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းပေါ်ရှိ ရေမြောင်းထဲသို့ (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီး စက်တင်ဘာလအတွင်း၌ ဒဂုံမြို့သစ်အရှေ့ပိုင်း (၆)ရပ်ကွက် ကျန်စစ်သား
လမ်းဘေးရှိ ရေမြောင်းအတွင်း တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။

အောက်တိုဘာလတွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် အမှတ်(၄) လမ်းဘေးရေမြောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။ ၂၀၁၃ ခုနှစ်၌ပင် မရမ်းကုန်း (သမိုင်း) မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေစဉ် လမ်းလျှောက်နေသူ ကလေးငယ်နှစ်ဦး လမ်းဘေးရေမြောင်းအတွင်း ပြုတ်ကျ၍ သေဆုံးသွားခဲ့သည်။
::
ရန်ကုန်မြို့ကို မိုးရေထဲမှ ကယ်တင်ရန် ငွေကျပ် ၁၂ ဘီလီယံ သုံးမည်ဟု ဆိုထားသည်။ သို့သော် မိုးစရုံပင်ရှိသေးသည် ရေက ပတ်လည်ဝိုင်းနေပြီဖြစ်
သည်။

ဝေဖန်ထောက်ပြသူများက လမ်းဘေးရေမြောင်းထဲသို့ လူပြုတ်ကျပြီး သေဆုံးပါက တာဝန်ရှိသူသည် အစိုးရသာမက ပြည်သူများအပေါ်တွင်လည်း
ရှိကြောင်း ပြောဆိုကြသည်။
::
‘‘လမ်းဘေးက ရေမြောင်းထဲကို ပြုတ်ကျပြီးသေရင် အစိုးရတင်မဟုတ်ဘူး။ ပြုတ်ကျတဲ့ ရပ်ကွက်နေပြည်သူတွေရော တာဝန်ရှိတယ်။တာဝန်ရှိတဲ့သူကတော့
နှစ်ဖက်လုံးပဲ။ အစိုးရကလည်း တာဝန်ယူမှုရှိရမယ်။ ပြည်သူတွေကလည်း ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ပြောဆိုထောက်ပြရမယ်’’ဟု နိုင်ငံတော်သမ္မတ
အကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

ရန်ကုန်မြို့တွင်း မိုးတွင်းကာလ ခြေလျင်သွားလာနေရသူ ၁၀ ဦးကိုမေးလျှင် အနည်းဆုံး ၇ ဦး ကတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ သွားလာနေရကြောင်း ပြောဆိုသည်။
::
‘‘ကျောင်းတက် ကျောင်းဆင်းချိန် မိုးရွာရင် ကလေးမိဘတွေ ကျောင်းကြိုပို့လုပ်စေချင်တယ်။ ကလေးတွေ လမ်းလျှောက်တဲ့ပုံစံက မလွယ်ဘူး။ အချိန်မရွေး ပြုတ်ကျသွားနိုင်တယ်’’ဟု ရန်ကုန်မြို့တွင်းရှိ ရေမြောင်းများအတွင်း ကလေးများ ပြုတ်ကျသေဆုံးမှုများနှင့် ပတ်သက်ပြီး မရမ်းကုန်း(သမိုင်း) မြို့နယ်တွင် နေထိုင်သော လေးတန်းကျောင်းသား၏မိခင် ဒေါ်မြင့်ခင်က ကလေးမိဘများအား သတိပေးသည်။

ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးမှုများတွင် သက်ဆိုင်ရာတာဝန်ရှိသူများကို အမှုဖွင့်အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိကြဘဲ သေမှုသေခင်းဖြင့်သာ အမှုဖွင့်ပြီးဆုံးသွားကြသည်။ ရေမြောင်းအတွင်း ပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား
ပါက သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး၏ တာဝန်ရှိမှုအပိုင်းကို မေးခွန်းထုတ်ခြင်းမရှိ။ တာဝန်ယူခိုင်းသည့် အလေ့အထလည်း မရှိသေးပေ။
::
ထို့အတူ မြို့တော်စည်ပင်ကလည်း မြို့သူမြို့သားတို့ ထိခိုက်သေဆုံးမှုများ
အတွက် တာဝန်ရှိကြောင်း ပြောဆိုတောင်းပန်ရန်ဝေးလို့ အားနည်းချက်ကိုဝန်ခံ
၍ပင် နှုတ်ဆိတ်နေခဲ့သည်။ ယခုဆောင်းပါးအတွက် သက်ဆိုင်ရာ မြို့တော်
စည်ပင်လမ်းတံတားဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိပေ။

‘‘ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးရင် စည်ပင်ကို အရေးယူလို့ရတယ်။ သူတို့ တာဝန်ပျက်ကွက်လို့၊ ၀တ္တရားပျက်ကွက်လို့၊ ခိုင်ခံ့စွာ မလုပ်ပေးလို့ ဖြစ်ရတာပါ’’ ဟု ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးမှုများ ဖြစ်ပွားပါက သက်ဆိုင်ရာ စည်ပင်သာယာကို အရေးယူဆောင်ရွက်နိုင်မှုနှင့် ပတ်သက်ပြီး ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။
::
မိုးရွာသွန်းမှုကြောင့် ရေမြုပ်၍ ပလက်ဖောင်းရေမြောင်းအတွင်း ပြုတ်ကျမှုမှာ ရန်ကုန်မြို့တွင်သာမက နယ်မြို့များတွင်လည်း ဖြစ်ပွားကြသည်။ ယခုလ ပထမပတ်အတွင်း တာချီလိတ်မြို့လမ်းဆုံရှိ ရေမြောင်းဖုံးအပေါက်မှ အဘွားအိုတစ်ဦး ပြုတ်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုကြောင့် ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးနိုင်သော နေရာများမှာ ရေ၀ပ်များသော နေရာများဖြစ်သည့် တာမွေ၊ မရမ်းကုန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ကျောက်မြောင်း၊ လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။ မိုးရွာသွန်းချိန်၌ ထိုမြို့နယ်များရှိ လမ်းများပေါ်တွင် သေချာစူးစိုက်သွားလာရမည်ဖြစ်သည်။
::
‘‘ပြည်သူတွေ အန္တရာယ်မဖြစ်အောင် အစိုးရကလည်း လုပ်ပေးရမယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတာပဲ။ ပြည်သူတွေက အပြစ်ပြောတာမဟုတ်ဘဲ အပြုသဘောမျိုးနဲ့ အစိုးရကို အကြံပြုပေးရင်ကောင်းမယ်။ 

မိုးတွင်းကာလမှာ ရေကြီးရေလျှံတယ်ဆိုရင် သက်ဆိုင်ရာစည်ပင်က တာဝန်ယူပြီး ပြည်သူတွေ အန္တရာယ်မဖြစ်အောင် လုပ်ပေးရမှာပဲ’’ဟု စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။
::
ယခုနှစ် မိုးရာသီအစတွင် ရန်ကုန်မြို့၌ ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးမှု ဖြစ်စဉ်မရှိသေးပေ။ သို့သော် ရေမြောင်းဖုံးများကို သက်ဆိုင်ရာဌာနက လာရောက်ပြုလုပ်ပေးခြင်း မရှိသေးပေ။ ကျောင်းဆင်းချိန် မိုးရွာပါက ကျောင်းသားမိဘများက ကျောင်းရှေ့သို့ အပြေးသွားပြီး ကြိုစောင့်နေကြပါပြီ။ ခရီးသွားပြည်သူများကလည်း မိုးရွာလျှင် စမ်းတ၀ါးဝါးဖြင့်သာ သွားမြဲသွားနေ ရဆဲဖြစ်သည်။

7Day News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment