Pages

Tuesday, March 11, 2014

သီရိ လင်္ကာမှ ကယ်ဆယ် ထားသည့် ပင်လယ်ပြင်တွင် ဖောင်ပျက်၍ မျောပါနေသော မြန်မာ ရေလုပ်သား ခုနစ်ဦး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာ


RangonNewsDaily: March . 11 .2014
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံမြစ်မှ တစ်ဆင့် ပင်လယ်ဝအတွင်း ငါးဖမ်းထွက်ရင်း မုန်တိုင်းမိ၍ ပင်လယ်ပြင်မှ တစ်ဆင့် သီရိလင်္ကာ နိုင်ငံသို့ ရောက်ရှိ သွားသော မြန်မာ ရေလုပ်သား အမျိုးသား ခုနစ်ဦးသည် သီရိလင်္ကာရှိ မြန်မာ သံရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနတို့ အစီ အစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
အဆိုပါ ရောက်ရှိလာသော မုန်တိုင်းမိ ရေလုပ်သားများ ဖြစ်သော ဦးအောင်အောင် ၃ဝနှစ် ကဒုံကနိ နောက်မြီးရွာ အမာမြို့ နယ်ခွဲ၊ ဦးခင်မောင် ၅ဝနှစ် ကဒုံကနိ နောက်မြီးရွာ အမာမြို့ နယ်ခွဲ၊ ဦးသန်းဦး ၃၁နှစ် မဂျမ်းလမ်း မအူပင်မြို့နယ်၊ ဦးမင်းအောင် ၃၂နှစ် ဝဲချောင်းရွာ ပုသိမ်မြို့နယ်၊ ဦးဆန်းဌေး ၅၂နှစ် အဖောင်ရွာ ဖျာပုံမြို့ နယ်၊ ဦးကျော်မြင့် ၆ဝနှစ် မှော်ဘီရွာ ဖျာပုံမြို့နယ်နှင့် ဦးသိန်းဝင်း ၄ဝနှစ် ခတ္တိယ ပန်းတနော်မြို့နယ် နေသူ တို့ ဖြစ်ကြသည်။

ယင်းသို့ ရောက်ရှိလာမှုနှင့် ပတ်သက်၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြိုဆို ခဲ့သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးအောင်ခိုင်က ''သီရိလင်္ကာမှာ ရှိတဲ့ မြန်မာသံရုံး ကနေတစ်ဆင့် အမည်စာရင်းတွေ ပို့လိုက်ပါတယ်၊ ဒီ အချက် အလက် တွေနဲ့ လိပ်စာအရ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနကနေ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ်တွေကို လိပ်စာ အတိုင်း လူစစ်ဆေးပြီး ကျွန်တော်တို့ တစ်ဆင့် အမည်စာရင်းတွေ ပို့လိုက်ပါတယ်။

ဒီအချက် အလက်တွေနဲ့ လိပ်စာအရ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနကနေ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ်တွေကို လိပ်စာအတိုင်း လူစစ်ဆေးပြီး ကျွန်တော်တို့ ခေါ်ဖို့ လုပ်ခဲ့ပါတယ်။ သူတို့ကို အိမ်ကိုပြန်ရောက်တဲ့ အထိ ခရီးစရိတ်၊ လမ်းမှာ စားစရိတ်၊ လိုအပ်တဲ့ အဝတ်အစား အသုံးအဆောင် ပစ္စည်းတွေကို ကျွန်တော်တို့ ဌာနက ဆောင်ရွက် ပေးသွားမှာပါ''ဟု ပြောကြားသည်။

အဆိုပါ မြန်မာ ရေလုပ်သားများသည် ပင်လယ်ထဲတွင် တစ်လနှင့် လေးရက်၊ သီရိလင်္ကာတွင် တစ်လနှင့် ရက် ၂ဝကြာ ပင်လယ်ထဲ မျောသွားခြင်း ဖြစ်ပြီး သီရိလင်္ကာ ငါးဖမ်း စက်လှေများက ကယ်တင်ခဲ့ကြောင်း သိရ သည်။

ရေလုပ်သားဦးသိန်းဝင်းက ''ဖျာပုံမြစ်ထဲ ကို ကျွန်တော်တို့ ခုနစ်ဦး တစ်ဖွဲ့ထဲ ဖောင်မျှောပြီး ငါးဖမ်း ထွက်ခဲ့တာပါ။ နတ်တော် လပြည့်နေ့က ဖောင်ပျက်ပြီး ဖျာပုံမြစ် ကနေနှစ် ဖွဲ့ကွဲ သွားတာပါ။ သုံးဦးတစ်ဖွဲ့၊ လေးဦးတစ် ဖွဲ့ကွဲပြီး အစားအသောက် ငတ်ပြီး၊ ရေလည်း မသောက်ရ၊ ထမင်းလည်းမစားရ ရက် ၂ဝ လောက်ခံခဲ့ ရပါတယ်။ ခုနစ်ဦးလုံး ရှေ့ဆင့် နောက်ဆင့် မျောလာခဲ့ပါတယ်။ ဝါးဖောင်ဖျက်ပြီး ကျားပိုက်ထောင် တာပါ။ လေရော၊ မိုးရောကျပြီး မုန်တိုင်းမိတော့ ရှေ့နောက် တစ်ဦးနဲ့ တစ်ဦး မမြင် ရတော့ဘဲ ဝါးဖောင်ကြိုးတွေ ပြတ်သွားခဲ့တာပါ။ တစ်ညတည်း မျောပြီး ကိုလံဘို ကမ်းရောက်မှ လာဆုံကြတာပါ။

သီရိလင်္ကာ နိုင်ငံ စီလင်ကာ ရွာက ငါးဖမ်းသင်္ဘောတွေက တွေ့လို့ လာကယ်လို့ အသက်ရှင် ခဲ့ရတာပါ။ စီလင်ရွာမှာ တစ်လနေပြီး သူတို့က သံရုံးကို ဆက်သွယ်တယ်။

မြန်မာမှန်းလည်း သိရော ကိုလံဘိုကို ပြောင်းခွင့်တောင်းတယ်။ ဟိုမှာက ကယ်ဆယ်ရေး စခန်းရှိတယ်။ ကိုလံဘို ရောက်တော့ တစ်လကျော်ကြာတယ်။ အားလုံးပေါင်း သုံးလကျော်ကြာ ခဲ့ပါတယ်။ အားလုံးအသေ အပျောက်မရှိပါဘူး''ဟု ပြောပြခဲ့သည်။

ထို့နောက် မအူပင်မြို့နယ် မဂျမ်းလမ်း ကျေးရွာနေ ရေလုပ်သား ကိုသန်းဦးက ''ဖျာပုံမြစ်ဝက တစ်ဆင့် ပင်လယ်ထဲမှာ ဖောင်ပျက်တာပါ။ ကျားထောင်တာပါ။ ပင်လယ်ထဲမှာ တစ်လနဲ့ လေးရက်နေ ရတယ်။ သီရိ လင်္ကာထဲက ဂေါမြို့ ငါးဖမ်းစက်လှေနဲ့ ခေါ်သွားတယ်။ ကယ်ဆယ်ရေးစခန်းမှာ တစ်လလောက် နေရတယ်။ အခက် အခဲတော့ မရှိတော့ပါဘူး။ မိသားစုတွေကို အကြောင်း ကြားပြီးပါပြီ။ ကိုယ့်ဒေသရောက်ရင်တော့ အရောင်းအဝယ်ပဲ လုပ်တော့မယ်ဗျာ''ဟု ပြောပြ ခဲ့သည်။ 

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment