Pages

Tuesday, March 11, 2014

အရက်ကို အခွန် ၅၀ ရာခိုင်နှုန်းနှင့် စီးကရက်အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ရန် လွှတ်တော် ဆုံးဖြတ်

RangonNewsDaily: March . 11 .2014
အစိုးရက ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသော ပြည်ထောင်စု အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းပါ အထူး ကုန်စည်များ အခွန်ကောက်ခံခွင့် ဆိုင်ရာ အခန်းတွင် ပါရှိသော အရက်နှင့် ဆေးဝါးအမျိုးမျိုး (ဆေးရွက်ကြီး ထွက်ကုန်) ကို ၅၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန်နှင့် ဆေးလိပ်နှင့် စီးကရက်များကို ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ယင်းကြောင့် အဆိုပါ ဥပဒေ ထွက်ရှိပြီးပါက အရက်နှင့် ဆေးဝါး အမျိုးမျိုးကို ပြည်တွင်းထုတ် ဖြစ်စေ၊ ပြည်ပမှ တင်သွင်းခြင်း ဖြစ်စေ ၅၀ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

ဆေးဝါး အမျိုးမျိုးတွင် ဘီယာ၊ ဝိုင်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ဆေးပြင်းလိပ်နှင့် ဆေးပေါ့လိပ်များ အကျုံးဝင်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

စီးကရက် လုပ်ငန်းများကို ပြည်တွင်း၌ ထုတ်လုပ်ခြင်းနှင့် ပြည်ပမှ တင်သွင်းခြင်း ကိုလည်း ၁၀၀ ရာခိုင်နှုန်း ကောက်ခံရန် လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အရက်နှင့် ဆေးဝါးအမျိုးမျိုး အခွန်နှုန်းကို ၅၀ ရာခိုင်နှုန်းနှင့် စီးကရက် အမျိုးမျိုးကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံမည့် ပြည်ထောင်စု အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းကို မတ် ၁၀ ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ကောက်ခံရာတွင် ဆေးတံသောက် ဆေးနှင့် ကွမ်းစားဆေး အမျိုးမျိုး ပါဝင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တို့က ပြောကြားသည်။

အဆိုပါ အခွန်ဥပဒေပါ ပြဋ္ဌာန်းချက်မှ အရက် တန်ဖိုးအပေါ် အခွန် ကောက်ခံကြေးကို ၂၀၀ ရာခိုင်နှုန်းအထိ တိုးမြင့်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ဒေါ်ခင်စန်းလှိုင်က ပြင်ဆင်ချက် တင်ပြခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က သဘောမတူခဲ့ပေ။

အဆိုပါ ဥပဒေတွင် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားသော အဖိုးတန် ကျောက်မျက်ရတနာ အထည်ရိုင်းများကို အခွန် ၃၀ ရာခိုင်နှုန်းနှင့် အချောထည်များနှင့် လက်ဝတ်ရတနာ များကို ၁၅ ရာခိုင်နှုန်း အဖြစ် ကောက်ခံမည် ဖြစ်ကြောင်း ဥပဒေပါ ပြဋ္ဌာန်းချက်တွင် ပါရှိသည်။

ထို့အပြင် ကျွန်းသစ်၊ သစ်မာ သစ်လုံးနှင့် အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ၂၅ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

အခွန်အကောင် ဆိုင်ရာ အဆိုပါ ဥပေဒေတွင် ပြည်တွင်းသို့ ကားတင်သွင်းမှုနှင့် ပတ်သက်၍ ၁၈၀၀ စီစီအထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန်နှင့် ကူပေး (Coupe) ကားများကို ၂၅ ရာခိုင်နှုန်း ကောက်ခံပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီတို့ကို ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

စက်ပစ္စည်း မောင်းနှင် လည်ပတ်ရေး အတွက် ဓာတ်ဆီ၊ ဒီဇယ်နှင့် ဂျက်လေယာဉ် ဆီများကို ၁၀ ရာခိုင်နှုန်းနှင့် သဘာဝ ဓာတ်ငွေ့ကို ၈ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း ယင်းဥပဒေတွင် ပါရှိသည်။

အဆိုပါ အခွန်အကောက် ဆိုင်ရာ ဥပဒေကို အတည်ပြုရန် အတွက် လွှတ်တော် အစည်းအဝေးကို ည ၇ နာရီကျော် အထိ ပြုလုပ်ခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment