Pages

Friday, February 14, 2014

"မော်တော်ယာဉ် (၁.၉)သန်းကို ပြန်လည်သိမ်းယူပြင်ဆင်မည်ဟု Toyota ကြေညာ"

Photo: "မော်တော်ယာဉ် (၁.၉)သန်းကို ပြန်လည်သိမ်းယူပြင်ဆင်မည်ဟု Toyota ကြေညာ"
Friday, February 14, 2014

Toyota ကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ရောင်းချထားသည့် Prius Hybrid မော်တော်ကား (၁.၉)သန်း ဝန်းကျင်ကို ပြန်လည်သိမ်းဆည်း ပြုပြင်မှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ မော်တော်ကားများတွင် ရုတ်တရက် မြန်နှုန်းကျဆင်းသွားတတ်သည့် ပြဿနာမျိုး ပေါ်ပေါက်နေကြောင်း အရေးဆိုမှု အချို့ကို လက်ခံရရှိပြီးနောက် Toyotaက ဂျပန်နှင့် မြောက်အမေရိကတိုက်မှ ယင်းမော်တော်ကားများကို သိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။

Toyotaသည် ယင်းဖြစ်စဉ်မျိုး သတင်းပေးပို့မှု (၄၀၀)ကျော်ထိ လက်ခံရရှိထားကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံ အခြေစိုက် ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုကြီး အနေဖြင့် မော်တော်ကားမော်ဒယ်လ် အမျိုးမျိုးအတွက် အလားတူ သိမ်းယူပြင်ဆင်ရမှုမျိုး မကြာခဏ လုပ်ဆောင်ထားရဖူးသည်။

လက်ရှိချွတ်ယွင်းချက်ကြောင့် မတော်တဆ ထိခိုက်မှု သတင်းမျိုး လုံးဝ မကြားသိရကြောင်း Toyotaက ဆိုသည်။ ယခုကဲ့သို့ ပြန်လည်သိမ်းယူမည့် အစီအစဉ် မစတင်မီတွင် Toyotaသည် မော်တော်ကား မော်ဒယ်လ်အချို့ကို အရောင်းဆိုင်းငံ့ထားမည် ဖြစ်သည်။ ယင်းမှာ ကားထိုင်ခုံ အပူပေးစနစ်တွင် ပြဿနာများ ရှိနေ၍ဟု သတင်းများက ဆိုသည်။

Toyota၏ ကျော်ကြားမှု ဂုဏ်သတင်းသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မော်တော်ကားများ အကြိမ်ကြိမ် ပြန်လည်သိမ်းယူရခြင်းများနှင့်အတူ တစ်စထက်တစ်စ ယုတ်လျော့ ကျဆင်းလာနေသည်။ Priusမော်ဒယ်လ် မော်တော်ကားများကို (၁၉၉၇)ခုနှစ်က စတင်ရောင်းချခဲ့ပြီး လက်ရှိ ဈေးကွက်ထဲတွင် အရောင်းအတွင်ကျယ်ဆုံး Hybrid အမျိုးအစား ကားများအဖြစ် ရပ်တည်နေသည်။

Prius မျိုးဆက်များထဲမှ နောက်ဆုံးအကြိမ် ပြန်လည်သိမ်းယူရမှုသည် (၂၀၀၉)ခုနှစ်၊ မတ်လကဖြစ်သည်။ (၂၀၁၀)ပြည့်နှစ် တစ်နှစ်တည်းတွင် Toyotaသည် မော်တော်ယာဉ် အစင်းရေ (၁၀)သန်းထိ ပြန်လည်သိမ်းယူ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily: February . 14 .2014

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment