Pages

Friday, February 14, 2014

ဗိုလ်ချုပ်မွေးနေ့ မန္တလေး ဆေးတက္ကသိုလ်သို့ ခန္ဓာကိုယ် လှူဒါန်းသူ မြင့်တက်

RangonNewsDaily: February . 14 .2014
မန္တလေး ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ သင်ကြားရေးပိုင်းအတွက် လိုအပ်လျက်ရှိသော ခန္ဓာဗေဒ လာရောက် လှူဒါန်းရန် ဆန္ဒပြုသူ ဦးရေသည် ပုံမှန်ရက်များထက် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် လှူဒါန်းသူ မြင့်တက်သွားကြောင်း ယင်းဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပုံမှန် ရက်တွေမှာ ပျမ်းမျှ နှစ်ယောက်လောက်ပါ။ ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အနေနဲ့ လာလှူဒါန်းသူ ကိုးဦး ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြား အသံလွှင့်ဌာန တစ်ခုဖြစ်သော DVB အသံလွှင့် ဌာန၏ မန္တလေး သတင်းထောက် ဘကြီးအောင်က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဗိုလ်ချုပ်၏ တိုင်းပြည်ချစ်စိတ်၊ အမျိုးသားရေး ချစ်စိတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သော စိတ်ဓာတ်များကို ဂုဏ်ပြု ကျေးဇူးဆပ်သည့် အနေနှင့် မန္တလေး ဆေးတက္ကသိုလ်တွင် ခန္ဓာ လှူဒါန်းခဲ့သည့်အပြင် အမျိုးသား မျက်စိဘဏ် (မန္တလေး) တွင်လည်း မျက်ကြည်လွှာ ဆန္ဒပြု လှူဒါန်းခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၎င်းက ပြောကြားသည်။

ယင်းဆေးတက္ကသိုလ်တွင် ဒုတိယနှစ် ကျောင်းသား ၇၀၀ ဦးကျော်ရှိပြီး ဆေးပညာသင်ကြားရန် ခန္ဓာကိုယ် ရုပ်အလောင်း ၂၀ ရှိမှသာ လုံလောက်မည် ဖြစ်ရာ ခန္ဓာကိုယ် ရုပ်အလောင်းများ လိုအပ်လျက်ရှိကြောင်း ယင်းဆေးတက္ကသိုလ် (မန္တလေး) ခန္ဓာဗေဒ ဌာနထံမှ စုံစမ်း သိရှိရသည်။

ခန္ဓာကိုယ် လှူဒါန်းရန် ဆန္ဒပြုထားသူများသည် ကွယ်လွန်သည့်အခါ ဝမ်းရောဂါ၊ ကျောက်ရောဂါ၊ ကင်ဆာရောဂါ၊ အသားဝါရောဂါ၊ ဘီပိုး၊ စီပိုးရောဂါ၊ ကာလသား ရောဂါများနှင့် သေဆုံးသူများ မဖြစ်ရန် အရေးကြီးပြီး ကိုယ်ခန္ဓာ ပုပ်သိုး ဖောရောင်ပြီး ကျိုးပြတ် ပေါက်ကွဲသော ဒဏ်ရာရှိပါက ဆေးစိမ်ရန် ခက်ခဲသဖြင့် သင်ကြားရေးအတွက် အခက်အခဲဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဆေးတက္ကသိုလ် (မန္တလေး) သို့ ခန္ဓာကိုယ် လာရောက် လှူဒါန်းသူများရှိရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆန္ဒပြု လှူဒါန်းသူ ၅၆၁ ဦးရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ဆန္ဒပြုသူ ၁၀၉ ဦးရှိကြောင်း ယင်းဆေးတက္ကသိုလ် ခန္ဓာဗေဒ ဌာန မှတ်တမ်းများအရ သိရှိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment